အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၆)
ပလက်ဝမြို့နယ် ကြောင်ချောင်းရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ဒီနေ့ ညနေ ၄ နာရီ လောက်မှာ ကြောင်ချောင်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ယောက်ကျား ၆ ယောက် သေသွားတယ်လို့ ပြောတယ်။ ရွာသား ၆ ယောက် သေသွားတယ်။ ကလေး ၁ ယောက် ဒဏ်ရာ ရသွားတယ်။ အားလုံး ဒဏ်ရာရတာ ၄ ယောက်ရှိတယ်” လို့ ပလက်ဝမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကြောင်ချောင်းရွာဟာ ခူမီးလူမျိုး အများစုနဲ့ ရက္ခိုင်လူမျိုး အနည်းငယ်နေထိုင်နဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။
“ ကျနော်သိရသလောက်တော့ ဆိပ်ကမ်းနား (ချောင်း) ကျတယ် ကြားတယ်။ ဆိပ်ကမ်းနားက ဘုတ်တွေကပ်တယ်။ သေသွားတဲ့သူတွေက ခရီးသည်တွေလို့ သိရတယ်” လို့ နောက်ထပ် ပလက်ဝမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင်ချောင်းရွာက ဒေသခံနေအိမ်အချို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
နောက်ဆက်တွဲ သတင်းကိုလည်း အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။