နတ်ရေကန်အနီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေ

အာရက္ခတိုင်းမ်စ် (၆ ဧပြီ ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်း အနီးပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေတယ်လို့ သိရပါတယ်။

“ သိရသလောက်က နတ်ရေကန်နားမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ နောက်ပြီးတော့ ပဇီနဲ့ ဂုတ်ကြီးရွာနားမှာလည်း ဖြစ်နေတယ်။ အဲတော့ လောလောဆယ် ၃ နေရာလောက်မှာကို တိုက်ပွဲတွေက ဖြစ်နေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်း နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မတ်လဆန်းကတည်းက သိမ်းပိုက်ထားပါတယ်။

အဆိုပါ ကာကင်းကို သိမ်းပိုက်ခံလိုက်ရတာကြောင့် စစ်ကော်မရှင်ဟာ စစ်ကူနဲ့ လက်နက်ခဲယမ်းတွေကို ပဇီရွာ နဲ့ ဂုတ်ကြီးရွာဘက်ကနေ နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်နိုင်ရန် စစ်ကြောင်းတွေ အတင်းဝင်တိုးနေတာလည်း ဖြစ်ပါတယ်။

အထက်ပါကဲ့သို့ စစ်ကော်မရှင်က စစ်ကြောင်းထိုးဖို့ ကြိုးစားနေလို့ AA နဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ရက္ခိုင် – မကွေးအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ တည်ရှိပြီး ရက္ခိုင်၊ မကွေးနဲ့ ပဲခူးအတွက် စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကော်မရှင်ရဲ့ အမာခံစခန်းကြီး တခုလည်း ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာ မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ဦး သေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွေမှာ အာရက္ခတပ်တော်နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ CDF-Asho နဲ့ ပူးပေါင်းမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ မွတ်ဆလင်ရွာတချို့ကို စစ်ကော်မရှင် ဖယ်ခိုင်းနေ

စစ်တွေမှာ မွတ်ဆလင်ရွာတချို့ကို စစ်ကော်မရှင် ဖယ်ခိုင်းနေ

အာရက္ခပြည် ပစ္စုပ္ပန်နှင့် အနာဂတ်ပညာရေး စိန်ခေါ်မှု