အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်တည်ဆောက်ရေးအတွက် ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကျောသားရင်သား မခွဲခြားပဲ လုပ်ဆောင်ကြရန် လိုလားနေကြတယ်လို့ သိရပါတယ်။
“ မြို့လမ်းဧရိယာ ရှင်းလင်းရေးခေါင်းစဉ်နဲ့ တချို့အိမ်တွေ ဖြိုလိုက်ရတာ ရှိတယ်။ တချို့ဆိုင်တွေဆိုလည်း အသစ်ပြန်ဆောက်လိုက်ရတာရှိတယ်။ ပြည်သူတွေက တာဝန်ကျေကျေ လုပ်ဆောင်ပေးကြပါတယ်။ ဒါပေမယ့် အစိုးရပိုင် အဆောက်အအုံတွေ လမ်းနယ်နမိတ်ထဲ ရောက်နေတာကျတော့ မတို့မထိပဲ ထားခဲ့ကျတယ်။ ဒါက ဘာအဓိပ္ပာယ်လဲလို့ မေးချင်ပါတယ်” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မြောက်ဦးမြို့ မြို့လမ်းဧရိယာ ရှင်းလင်းခေါင်စဉ်နဲ့ လမ်းဧရိယာထဲ ပါဝင်နေတဲ့ အိမ်အဆောက်အအုံ၊ ခြံစည်းရိုး၊ လမ်းဘေးဈေးဆိုင်များမှာ စည်းကမ်းလိုက်နာကာ လုပ်ဆောင်ပေးခဲ့ကြသော်လည်း အစိုးရပိုင် အဆောက်အအုံတွေကိုကျ လမ်းဧရိယာထဲ ပါဝင်ပေးမယ့် လျစ်လျူရှုခဲ့ခြင်းအပေါ် ဒေသခံတွေက မေးခွန်းထုတ်လာကြတာလည်း ဖြစ်ပါတယ်။
“ အခုလည်း ဆိုင်ရှေ့က ဆိုင်ဘုတ်တွေကို သိမ်းသွားကြတယ်။ လမ်းဧရိယာ ရှင်းလင်းရေးဆိုရင် ဆိုင်းဘုတ်တခုတည်းကို သိမ်းလို့မရဘူးလေ။ လမ်းပေါ်မှာ ကျူးနေတာမှန်သမျှကို ရှင်းရဖို့၊ သိမ်းရဖို့လေ အဲလိုဆိုရင် မြို့လည်း အင်မတန်သန့်ရှင်း သပ်ရပ်သွားမယ်လေ။ အခုက အလုပ်မရှိ အလုပ်ရှိတယ်လို့ လုပ်ပြနေသလို ဖြစ်နေပြီ” လို့ မြောက်ဦးမြို့ဒေသခံနောက်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါကဲ့သို့ မြို့လမ်းဧရိယာ ရှင်းလင်းရေးခေါင်းစဉ်ကြောင့် တပိုင်တနိုင် ဈေးရောင်းစားနေတဲ့ ဈေးဆိုင်တချို့ ပြန်လည် တည်ဆောက်ရောင်းချရန် နေရာမရတော့တဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပြီး အဆိုပါ မိသားစုဝင်တွေဟာ ဝမ်းရေးအတွက် ဈေးဆိုင်ကို မှီတည်နေရတာကြောင့် သူတို့တွေအတွက်လည်း စဉ်းစားပေးစေချင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။