အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ သင်္ကြန်နီးလာတာနဲ့အမျှ ငွေထုတ်ခတွေဟာလည်း ဆက်လက်မြင့်တက်လာနေပြီး ငွေးသားတွေ ရှားပါးလာနေတယ်လို့ သိရပါတယ်။
“ အခုဆိုရင် ကျောက်တော်က ပင်ရင်းမှာတောင် ငွေထုတ်ခက ၄ ကျပ်နှုန်း ဖြစ်နေပြီ။ ဒါတောင် ငွေသားက လိုသလောက်မရဘူး။ သင်္ကြန်နားနီးလာတော့ အဝေးရောက် သားသမီးတွေက ငွေတွေ လှမ်းပို့ကျတယ်လေ။ ထုတ်အားကများပြီး သွင်းအားနည်းနေတာရယ် ကုန်သည်တွေက ကုန်တွေ စုဝယ်နေတာကြောင့်လို့ ထင်တာပဲ” လို့ သံတွဲမြို့နယ်က ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်တွင် မတ်လကုန်လောက်အထိ ငွေထုတ်ခမှာ ၁ ရာခိုင်နှုန်း၊ ၁.၅ ရာခိုင်နှုန်းသာ ပေးရသော်လည်း အခုအခါမှာတော့ ၆ ရာခိုင်နှုန်းအထိ ပေးနေရတယ်လို့ သိရပါတယ်။
“ကျနော်တို့က တဆင့်သမားတွေလေ။ ဒိုင်ကြီးဆီမှာကို တသိန်းကို ၄၀၀၀ ဖြစ်နေတော့ ကျနော်က ၅၀၀၀ နဲ့တောင် ထုတ်ပေးလို့ အဆင်မပြေတော့ဘူး။ ဆီဈေးကလည်း တက်တယ်၊ ငွေသားကလည်း တော်တော်ရှားနေတယ် ထပ်တက်ဖို့ပဲ ကျနော်က မြင်တယ်ဗျ” လို့ သံတွဲမြို့နယ် ငွေလွှဲဝန်ဆောင်မှု လုပ်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ယခုအခါ ငွေထုတ်ခ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပေမယ့် ဒါဟာ နှစ်သစ်ကူးပြီးရင် ပြန်ကျသွားနိုင်တယ်လို့ သံတွဲဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“မြို့သိမ်းပြီးစကဆို ငွေထုတ်ခက ၁၂ ရာခိုင်နှုန်းနဲ့တောင် ထုတ်လို့မရဘူး။ အရမ်းကို ခက်ခဲခဲ့တယ်။ အခု တပ်တော်က ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးနေတော့ တဖြည်းဖြည်းနဲ့ ၁ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်။ အခုကလည်း ကုန်သည်တွေ ဈေးကစားနေလို့ ဈေးတက်သွားတာပါ။ ပြန်ကျမယ်လို့တော့ ထင်တယ်” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်သွားက အွန်လိုင်းကတဆင့် ငွေထုတ်ခပေးကာ ငွေထုတ် သုံးစွဲနေရတာလည်း ဖြစ်ပါတယ်။