ဝန်ကြီးချုပ်သစ်က မအလ အလိုတော်အတိုင်း စစ်တွေတွင် သင်္ကြန်ပွဲကျင်းပရန် ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ဝန်ကြီးချုပ် ဦးနိုင်ဦးက သမ္မတသစ် မင်းအောင်လှိုင်အလိုကျ စစ်တွေမြို့ တည်ငြိမ်းအေးချမ်းနေကြောင်း ပြသရန် ရည်ရွယ်ပြီး စစ်တွေမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ တိုက်ပွဲတွေက မြို့နားအထိ ရောက်နေပေမယ့် သင်္ကြန်ကို စည်းစည်ကားကား လုပ်ဆောင်မယ့် သဘောမှာတော့ တွေ့ရတယ်။ မဏ္ဍပ်တွေ မြို့အနှံ့ ဆောက်နေတယ်။ ကြီးလည်း ကြီးတယ်” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံ၊ အစိုးရရုံးရှေ့နဲ့ ကမ်းနားလမ်းတို့တွင် ဗဟိုမဏ္ဍပ်များ ဆောက်လုပ်နေပြီး လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန်အတွက်လည်း ဝန်ကြီးချုပ်က စီစဉ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ရက္ခိုင်ပြည်ကို နေ့စဉ်နဲ့အမျှ ဗုံးကြဲနေတဲ့ စစ်ကော်မရှင်ဟာ ၅၁ နှစ်ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို သူတို့ ထိန်းချုပ်ထားတဲ့ မြို့ ၃ ခု တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံရသူ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက ပြည်နယ်တရား လွှတ်တော်တရားသူကြီးများအဖြစ် ဦးအောင်ထွန်းသိန်း၊ ဒေါ်စောရွှေ၊ ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးဝင်းမောင်၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်သန်းကြည် တို့ကို ခန့်အပ်ထားတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့အဝင် မုခ်ဦးသစ်ကို မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်က တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုခဲ့တယ်ဆိုကာ ဖွင့်လှစ်ခဲ့ပါသေးတယ်။

Related posts

ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်

ရေသန့်ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းများ ULA ရဲ့ FDA ဌာန ထုတ်ပြန်

အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများနှင့် မြန်မာ့နိုင်ငံရေးလည်ပြန် (၂)