ရေသန့်ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းများ ULA ရဲ့ FDA ဌာန ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း သောက်ရေသန့် ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းချက်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ FDA က ထုတ်ပြန်လိုက်ပါတယ်။

ရေသန့် ထုတ်လုပ်သူများအနေနဲ့ ရေအမျိုးအစားနဲ့ ပတ်သက်ပြီး အချက် ၃ ချက်၊ အဆောက်အအုံနဲ့ ပတ်သက်ပြီး အချက် ၅ ချက်၊ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး အချက် ၂ ချက်၊ ဝန်ထမ်းများနဲ့ ပတ်သက်ပြီး အချက် ၃ ချက် နဲ့ အရည်အသွေးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ၁ ချက် စုစုပေါင်း ၁၄ ချက်ကို လိုက်နာကြရန် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ရေအမျိုးအစားနဲ့ ပတ်သက်တဲ့ အချက် ၃ ချက်ကတော့ သောက်ရေသန့် ထုတ်လုပ်ရန် သင့်တော်တဲ့ ရေအမျိုးအစား ဖြစ်ရပါမယ်၊ သောက်ရေသန့် ထုတ်လုပ်မယ့်ရေကို သီးသန့် သိုလှောင်ပြီးမှ ရေသန့် ထုတ်လုပ်မယ့် နေရာကို့ ပို့ရပါမယ်၊ ရေသိုလှောင်ထားတဲ့ကန်ကို အမြဲတမ်း ဆေးကြောပြီး အညစ်အကြေးများ မဝင်ရောက်နိုင်အောင် ဖုံးအုပ်ထားရမှာပဲ ဖြစ်ပါတယ်။

အဆောက်အအုံနဲ့ ပတ်သက်တဲ့ အချက် ၅ ချက်ကတော့ ရေသန့် ထုတ်လုပ်ရာတွင် အဆောက်အအုံဟာ လုံလောက်တဲ့ အကျယ်အဝန်း ရှိရပါမယ်၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ရှိပြီး လူနေအိမ်နဲ့ သီးသန့်ထားနိုင်တဲ့ စက်ရုံ ဖြစ်ရပါမယ်၊ လုပ်ငန်းအလိုက် အခန်းများ သီးသန့် ခွဲထားရပါမယ်၊ ကြမ်းပြင်များ သမံတလင်း ခင်းထားပြီး အခန်းနံရံများ သန့်ရှင်းရေးလုပ်ရန် လွယ်ကူရပါမယ်၊ အဝီစိတွင်းနဲ့ အိမ်သာ အကွာအဝေး အနည်းဆုံး ပေ (၅၀) ကွာဝေးရမှာပဲ ဖြစ်ပါတယ်။

စက်ပစ္စည်းများနဲ့ ပတ်သက်တဲ့ အချက် ၂ ချက်ကတော့ ရေသန့်ထုတ်လုပ်ရာတွင် စက်ပစ္စည်းများကိုလည်း လုပ်ငန်းကဏ္ဍအလိုက် သင့်လျော်တဲ့ စက်များ ထားရှိရပါမယ်၊ စက်ရုံများတွင် အသုံးပြုတဲ့ ဓာတုပစ္စည်းများ၊ Resin၊ ရေစစ်များ (Filters) ကို ပုံမှန်စစ်ဆေးခြင်း၊ သန့်စင်ခြင်းနဲ့ လှဲလှယ်ခြင်းများကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ရေသန့်ထုတ်လုပ်ရေး ဝန်ထမ်းများနဲ့ ပတ်သက်တဲ့ အချက် ၃ ချက်ကတော့ ရေသန့်ထုတ်လုပ်ရေးတွင် ဝန်ထမ်းများသည် ရေသန့်ဗူး ဆေးကြောရာတွင်လည်း (အကြမ်းအထည်၊ အချောထည်၊ သောက်ရေသန့်) အနည်းဆုံး ပုံစံ (၃) မျိုးခန့် ခွဲပြီး ဆေးကြောရပါမယ်၊ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်သုံး ဝတ်စုံများကို ပြည့်စုံစွာ ဝတ်ဆင်ပြီး တကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါမယ်၊ ဝန်ထမ်းများ အနေနဲ့ (၆) လ တကြိမ် ကျန်းမာရေး စစ်ဆေးမှု ခံယူပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ရှိရမှာလည်း ဖြစ်ပါတယ်။

အရည်အသွေး ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ရေသန့် ထုတ်လုပ်ရာတွင် ထုတ်လုပ်မယ့်ရေရဲ့ဓာတုနဲ့ အဏုဇီဝ အနုစိတ် အချက်များကို စစ်ဆေးပေးရန် လိုအပ်ပြီး စားသုံးသူများရဲ့ ကျန်းမာရေး အန္တရာယ် ဖြစ်ပွားမှု မရှိစေရန် အထူး အလေးထား ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ သောက်ရေသန့် လုပ်ငန်းများကို ရေသန့် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခွင့် ယာယီပိတ်ထားမယ်လို့လည်း FDA က ထုတ်ပြန်ထားပါတယ်။

ပိတ်ပင်ထားတဲ့ ကာလအတွင်း FDA က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနဲ့ ကိုက်ညီမှုရှိအောင် ပြန်လည်ပြင်ဆင်ပြီး ကွင်းဆင်း စစ်ဆေးမှု ခံယူပြီးမှသာ ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့လည်း FDA က ထုတ်ပြန်ပါတယ်။

Related posts

ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်

အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများနှင့် မြန်မာ့နိုင်ငံရေးလည်ပြန် (၂)

ဝန်ကြီးချုပ်သစ်က မအလ အလိုတော်အတိုင်း စစ်တွေတွင် သင်္ကြန်ပွဲကျင်းပရန် ပြင်ဆင်နေ