အာရက္ခတိုင်းမ်စ် (၁၂ ဧပြီ ၂၀၂၆)
မကွေးတိုင်း စေတုတ္တရာမြို့နယ်က စစ်ကော်မရှင်တပ် ဂိတ်စခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က သတင်းထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့ တပ်သားအင်အား ၃၀ကျော်နဲ့ တပ်စွဲထားတဲ့ ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က ကင်ပွန်းခြုံကျေးရွာဂိတ်စခန်းကို ဧပြီလ ၁၀ရက် မနက် ၅နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“ တိုက်ပွဲက နှစ်နာရီခွဲလောက် ကြာတယ်။ အဲအချိန်မှာ ရန်သူ ၈ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ အများအပြားရှိတယ်။ MA ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ခဲယမ်းအချို့ ရရှိခဲ့တယ်” လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ဆိုပါတယ်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) နဲ့ အတူ CDF – Asho၊ လူ့ဘောင်သစ်တပ်မတော် (NSA)၊ မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်း စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ငဖဲမြို့နယ်နဲ့ ထိစပ်နေတဲ့ စေတုတ္တရာမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ထုတ်တဲ့ (ကပစ ၂၀) စက်ရုံ အခြေစိုက်ထားပြီး စစ်ကော်မရှင်တပ်သားနဲ့ ပျူစောထီး အင်အား (၄၀၀) ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။