အာရက္ခတိုင်းမ်စ် (၂၈ မေ ၂၀၂၆)
ရက္ခိုင်ပြည်ရဲ့ ထွက်ပေါက် ဝင်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို ရွေးတုအစိုးရက ထိန်းချုပ်နိုင်ရန်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ မင်းတုန်းမြို့နယ် ပြောင်းရွာကို စစ်ကော်မရှင်က မတ်လ ၁ ရက် နေ့လည် ၁၂ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ပါတယ်။
“ အခုဆို ပြောင်းရွာကို အင်အားတွေဖြည့်တင်းနေတယ်။ ပြီးတော့ မင်းတုန်းမြို့ထဲက အားကစားရုံနဲ့ သာသနာ့ဗိမာန်တွေမှာ စစ်မှုထမ်းသစ်တွေ အများကြီးရောက်နေတယ်။ လက်နက်တွေရော ရိက္ခာတွေလည်း ပါတာတွေ့တယ်” လို့ မင်းတုန်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို ရွေးတုရဲ့ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦးစစ်ကြောင်းတွေ ထိုးနေတယ်လို့လည်း သိရပါတယ်။
“ ကျနော်တို့ သိရသလောက်ဆိုရင် အဲဒီစစ်ကြောင်းတွေဟ ရက္ခိုင်ရိုးနားက ရင်းဂေါက်ရွာကို ရောက်နေပြီ။ အဲဒီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကြားတယ်။ တိုက်ပွဲကတော့ ဖြစ်တော့မှာပါ။ ဘာလို့ဆိုတော့ ပြောင်းရွာနဲ့ ၇ မိုင်လောက် အကွာကို AA နဲ့အဖွဲ့တွေက ထိန်းချုပ်ထားတာလေ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သရက်မြို့နယ် အခြေစိုက် အမှတ် ၄၄ ခြေလျင်တပ်ရင်း၊ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊ မကွေးမြို့နယ် အခြေစိုက် တပ်မ ၈၈ နဲ့ ပြည်မြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေနဲ့ ရက္ခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။