သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး AA စတင်လုပ်ဆောင်လာ

အာရက္ခတိုင်းမ်စ် (၂၉ မေ ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်တာတွေကို စတင်လုပ်ဆောင်လာနေပြီလို့ သိရပါတယ်။

“ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ သစ်ခုတ်တဲ့ ဒေသန္တအမိန့်ထုတ်တယ်ပေါ့။ တအိမ်ကို သစ်တန်ချိန် ဘယ်လောက်ပဲ ခုတ်ခွင့်ရှိတယ်ဆိုပြီးပေါ့။ အခုကျတော့ မင်းပြားမှာ ဒီရေတောထိန်းသိမ်းရေးအနေနဲ့ ဗျူးခြေထောက်ပင်တွေ စိုက်ပျိုးတယ်ပေါ့။ ဒါတွေကို စလုပ်လာနေပြီ” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ အိမ်သုံးသစ်ခုတ်ရာတွင် လိုက်နာရန် အချက် ၇ ချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက မင်းပြားခရိုင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရေးအတွက် ဗျူးခြေထောက် အပင်ပေါင်း ၇၂၆၀ ပင်ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

အလားတူ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နဲ့ ဒီရေတောများ ရေရှည်တည်တံ့ရေးအတွက်လည်း ဒီရေပင် စိုက်ပျိုးမှုများကို ရက္ခိုင်ပြည်တဝှမ်း ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက ပြည်သူလူထုများအ‌နေနဲ့လည်း အများအကျိုးအတွက် ရည်ရွယ်ပြီး စိမ်းလန်းစိုပြေတဲ့ ဒီရေတောများနဲ့ သစ်တောများ ဖြစ်ထွန်းလာစေရေးအတွက် သစ်ပင်များ စိုက်ပျိုးလိုပါက ဇွန်နဲ့ ဇူလိုင်လများတွင် မျိုးပင်များ အခမဲ့ လာယူနိုင်ပါတယ်လို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။

Related posts

ရက္ခိုင်တွင် လေပြင်းတိုက်ပြီး မိုးကြီးနိုင်လို့ ရေကြီးမှုများ ဖြစ်နိုင်

ရွေးတုအစိုးရက တပ်သားတွေကို ရာထူးတိုးပေးပြီး စစ်တွေကို ပို့ဆောင်

ပဒါန်းက စစ်ကူလာတဲ့ စစ်ကူ ကား ၂ စီး AA စောင့်ကြိုတိုက်ခိုက်၊ လက်နက်နဲ့ အလောင်းအချို့ ရရှိ