အာရက္ခတိုင်းမ်စ် (၃၁ မေ ၂၀၂၆)
ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ရေသန့်ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၄၆ ရုံ ရှိပြီးတော့ ၈ ရုံသာ စံချိန်မှီတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနအနေနဲ့ မေလအတွင်း မြို့နယ် ၉ မြို့နယ်က ရေသန့်စက်ရုံ ၄၆ ရုံကို စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။
“ စံချိန်မှီတဲ့ ရေသန့်စက်ရုံတွေက ကျောက်တော်မှာ ၂ ရုံ၊ မြောက်ဦးမှာ ၂ ရုံ၊ မောင်တောမှာ ၁ ရုံ၊ ရသေ့တောင်မှာ ၁ ရုံနဲ့ တောင်ကုတ်မြို့နယ်မှာ ၂ ရုံပါ။ စံချိန်မမှီတာတွေကတော့ ကျောက်တော်မှာ ၁၀ ရုံ၊ မြောက်ဦးမှာ ၈ ရုံ၊ မင်းပြားမှာ ၄ ရုံ၊ မြေပုံမှာ ၃ ရုံ၊ မောင်တောမှာ ၄ ရုံ၊ ဘူးသီးတောင်မှာ ၂ ရုံ၊ ရသေ့တောင်မှာ ၁ ရုံ၊ တောင်ကုတ်မှာ ၃ ရုံနနဲ့ အမ်းမှာ ၁ ရုံ တွေ့ရတယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက သိရပါတယ်။
လက်ရှိမှာတော့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက စံချိန်မမှီတဲ့ ရေသန့်စက်ရုံ ၃၈ ရုံကို ပြန်လည်ပြင်ဆင်ရန် ၆ လ အချိန်ပေးထားတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ FDA က ရက္ခိုင်ပြည်အတွင်း သောက်ရေသန့် ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် ရေအမျိုးအစားနဲ့ ပတ်သက်ပြီး အချက် ၃ ချက်၊ အဆောက်အအုံနဲ့ ပတ်သက်ပြီး အချက် ၅ ချက်၊ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး အချက် ၂ ချက်၊ ဝန်ထမ်းများနဲ့ ပတ်သက်ပြီး အချက် ၃ ချက် နဲ့ အရည်အသွေးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ၁ ချက် စုစုပေါင်း ၁၄ ချက်ကို လိုက်နာကြရန် ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။