အာရက္ခတိုင်းမ်စ် (၁၁ ဇွန် ၂၀၂၆)
အတုအယောင် သမ္မတအဖြစ် တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကနေ ပြန်လာပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ တရုတ်ခရီးစဉ်အဖြစ် ထွက်ခွာသွားတာ ဘာကြောင့်လဲ ဆိုတဲ့အပေါ် နိုင်ငံရေး လေ့လာသူများအကြား သုံးသပ်မှုများ ရှိနေကြပါတယ်။
ဒါဟာ အရင်ကတည်းက စီစဉ်ထားတာ ဖြစ်နိုင်ပြီး အိန္ဒိယခရီးစဉ်အပေါ် တရုတ်ဘက်က စိတ်ဆိုးမှာကို စိုးရိမ်နဲ့အတွက် သွားပြီး ရှင်းပြတာအပြင် တခြားကိစ္စတွေလည်း ပါနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒါကတော့ သူက အစကတည်းက စီစဉ်ထားတာ ဖြစ်လိမ့်မယ် ထင်တယ်။ နောက်တခုက မင်းအောင်လှိုင်က အိန္ဒိယကို သွားလိုက်တာလည်း တရုတ်ကို နည်းနည်း တင်းပြလိုက်တာပေါ့။ ငါတို့က မင်းတို့ တဦးတည်း ရှိတာ မဟုတ်ဘူး။ ငါတို့ ရှိတယ် ဆိုတာ။ ဒါပေမယ့် တရုတ်နည်းနည်း စိတ်ဟိုဒင်း ပြုသွားမှာလည်း စိုးတာကို။ စိုးတော့ ဒါတွေ လာပြီး ရှင်းပြတာလည်း ပါမယ်ထင်တယ်။ ၂ အချက်က မင်းအောင်လှိုင်က လာချင်ပုံရတယ် တရုတ်ပြည်ကို။ လာချင်တော့ ဒီမှာက အစည်းအဝေးတွေက အများကြီးလေ။ အာဆီယံနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ ရှိတယ်။ မဲခေါင်မြစ်ဝှမ်းဒေသနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ ရှိတယ်။ အဲဒီ အစည်းအဝေးကြီးတွေမှာ ဖိတ်အောင်လို့ပေါ့။ မင်းအောင်လှိုင်က ဆိတ်ပါးစပ် မဟုတ်တောင် အဲဒီလို ဟာမျိုးလေးတွေ လာတက်ရတယ်ဆိုတာ ဖြစ်အောင် လာတာ ထင်တယ်။ နောက်တခုက တင်မောင်ဆွေ ပြောတဲ့အထဲမှာ ပါတာကလေ အဓိက ၂ ချက် ပါတယ်။ တခုက ဘာလဲဆိုတော့ China-Myanmar Economic collector ကို သူတို့ အမြန်ဆုံး ပြန်ဖွင့်ပြီးတော့ အမြန်ဆုံးပြီးအောင် လုပ်ပေးပါမယ်ဆိုတာ တချက်ပါတယ်။ နောက်တချက်က ဗမာပြည်မှာရှိတဲ့ တရုတ်အမျိုးသားများ လုံခြုံရေးနဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ် ပေးပါမယ်ဆိုတာ ပါတယ်။ အဲဒါက အဓိကကျဖို့ များတယ်” လို့ သူက ပြောပါတယ်။
ဦးမင်းအောင်လှိုင်ဟာ သမ္မတအတုအဖြစ် တာဝန်ထမ်းဆောင်စဉ် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
အဲဒီနောက် စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ ဇွန်လ ၄ ရက်ကနေ ၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ထပ်မံ သွားရောက်ခဲ့တာပါ။
အိန္ဒိယဘက်က နှစ်နိုင်ငံကြား စီမံကိန်း၊ ကုန်သွယ်မှု၊ မြေရှားနဲ့ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြသလို တရုတ်ဘက်ကလည်း သူ့ရဲ့စီမံကိန်းတွေကို အမြန်ဆုံး လည်ပတ်ဖို့ တွန်းအားပေးနေတာပါ။
တရုတ်တနိုင်ငံတည်းအပေါ် စီးပွားရေးအရ မှီခိုနေရမယ့်အစား အိန္ဒိယစီမံကိန်းတွေ ရှိနေခြင်းက မြန်မာနိုင်ငံအတွက် Balance ညှိနိုင်စွမ်း ရှိစေပါတယ်။စီမံကိန်းတွေ အောင်မြင်စွာ လည်ပတ်နိုင်ရင်တော့ မြန်မာနိုင်ငံအတွက် ရရှိမယ့် အကျိုးကျေးဇူးတွေ အများအပြား ရှိပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနဲ့ နယ်မြေလုံခြုံရေး အခြေအနေတွေကြောင့် ဒီစီမံကိန်း အများစုဟာ လတ်တလောမှာ ကြန့်ကြာမှုတွေ ရှိနေပါတယ်။