အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ရသေ့တောင်မြိုနယ်၊ ကူတောင်ကျေးရွာက ခရီးသည်တင် ဘုတ်နစ်မြုပ်မှုမှာ သေဆုံးသူ ၁၁ ဦး ရှိလာနေတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးလာဝယ်တဲ့ ခရီးသည်တင် ဘုတ်တစ်စီးဟာ ဒီကနေ့ (ဇွန် ၁၅ ရက်) မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတံတားအနီး စမ်းပတီးချောင်းထဲမှာ နစ်မြုပ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဘုတ်ပေါ်မှာ ခရီးသည် ၃၀ ကျော် လိုက်ပါလာခဲ့ပြီး နစ်မြုပ်မှုကြောင့် အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ကိုမျိုးချစ်က ဆိုပါတယ်။
“ ညနေ ၄ နာရီ အချိန်လောက်ထိတော့ ရှာလို့ မရတဲ့လူတွေလည်း ရှိသေးတယ်။ လက်ရှိကတော့ သေဆုံးသူ အရေအတွက်က ဆယ်ဂဏန်းလောက် ရှိတယ်ဗျ။ သေဆုံးသွားတဲ့လူတွေရော၊ ဆေးရုံ ဆေးခန်း ပို့ပေးရမယ့် လူတွေရော၊ သူတို့တွေကို အကောင်းဆုံး ကူညီ ကယ်ဆယ်ပေးနေတာ ရှိတယ်ဗျ။ အပြည့်အစုံကတော့ မသိရသေးဘူး။ အခုလောလောဆယ်တော့ ကျန် ရှာလို့ မရတဲ့လူတွေလည်း ရှိနေသေးတယ်။ ကျနော်တို့က လူတွေက ဟိုဘက် သွားလိုက် ဒီဘက်သွားလိုက်နဲ့။ နောက်ပြီးတော့ ကျနော်တို့ ၃ ဖွဲ့ ရှိတယ်။ ကားနဲ့ကလေ။ ၃ ဖွဲ့လုံးက သူတို့ နီးစပ်ရာ နေရာတွေကို ပို့ဆောင်နေတယ်ဆိုတော့ အသေးစိတ်က မရသေးဘူးဗျ” လို့ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သေဆုံးသူ ၁၁ ဦးမှာ အသက် ၆၁ နှစ်အရွယ် ဒေါ်မသောင်း၊ အသက် ၄၆ နှစ်အရွယ် ဒေါ်အမူချေ၊ အသက် ၂၆ နှစ်အရွယ် မနိုင်နိုင်ဝင်း၊ အသက် ၅၀ အရွယ် ဒေါ်ရီရီဆန်း၊ အသက် ၂၄ နှစ်အရွယ် မစိုးယုဝေ၊ အသက် ၃၃ နှစ်အရွယ် ကိုဉာဏ်လင်းဝေ၊ အသက် ၂၈ နှစ်အရွယ် ကိုမောင်ဇိ၊ အသက် ၆၆ နှစ်အရွယ် ဦးခင်မောင်၊ အသက် ၄၀ အရွယ် ဦးသန်းကျော်စိန်၊ အသက် ၄၄ နှစ်အရွယ် ဦးသိန်းကျော့ဝေနဲ့ အသက် ၆၄ နှစ်အရွယ် ဦးမောင်သိန်းရွှေတို့ ဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ရှင်ကျန်သူ ၂၀ ဦးကျော် (ခန့်မှန်း) ရှိပြီး ကျားဘို၊ မောင်အေးလှိုင်နဲ့ သိန်းကျော့ဝေ တို့ကို ရှာဖွေ တွေ့ရှိခြင်း မရှိသေးဘူးလို့လည်း ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ဆိုပါတယ်။