အာရက္ခတိုင်းမ်စ် (၂၁ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည်၊ မင်းပြားမြို့ ကျောင်းသားတစ်ဦး မီးလောင်သေဆုံးမှုနဲ့ သံသယဖြင့် ဖမ်းဆီးခံထားတဲ့ ကျောင်းသားဟာ လက်ရှိအချိန်မှာ ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ မိသားစု၀င်တွေဆီက သိရပါတယ်။
အရေးပေါ် ဆေးရုံတက်ရောက်နေရတဲ့ ကျောင်းသား မောင်ရဲ၀င်းအောင်ဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက် ညနေ ၅ နာရီအချိန်ခန့်မှာ ဆေးရုံ တက်ရောက်ရတာ ဖြစ်တယ်လို့ မိသားစုတွေဆီက သိရပါတယ်။
“ ကျမတို့ အခု ဆေးရုံရောက်နေတယ်။ ကလေးဘာဖြစ်လို့ ဆေးရုံတက်ရလဲ မသိဘူး။ တွေ့ခွင့်လည်း မပေးဘူး။ ကြားရတာတော့ စစ်ဆေးတာမှာ အမျိုးမျိုး အသတ်ခံ (ရိုက်နှက်)၊ နှိပ်စက်ခံရတဲ့အတွက် သတိမေ့လဲသွားတယ်လို့ ကြားရတယ်” လို့ မိသားစု၀င်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ရာစုသစ်ပညာရေးဘော်ဒါဆောင် (စာသင်ဝိုင်း) မှာ ယမန်နှစ် ဇူလိုင်လ အတွင်းက မောင်ငြိမ်းထက်ကျော်ဟာ မီးလောင်မှုကြောင့် သေဆုံးသွားပါတယ်။
အဲဒီလို မီးလောင်မှုကြောင့် သေဆုံးသွားတဲ့အမှုနဲ့ပတ်သက်လို့ တစ်နှစ်နီးပါးကြာပြီးမှ မောင်ရဲ၀င်းအောင်ကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့အချိန်မှာ ယခုလို အရေးပေါ် ဆေးရုံတက်ရောက် ကုသရတာ ဖြစ်ပါတယ်။
“ သူ့မှာ ဘာရောဂါမှ မရှိဘူး။ ဒီလက ဖမ်းဆီးပြီး စစ်ဆေးတဲ့အခါ အမျိုးမျိုး နှိပ်စက် သတ် (ရိုက်) ပြီးတော့ ၀န်ခံခိုင်းတယ်လို့ ကြားရတယ်။ ထောက်လှမ်းရေးကလည်း ကာရမ်းတွေ (လျှပ်စစ်ရှော့) တိုက်တယ်လို့ ကြားရတယ်။ အခုဆို ကလေးဟာ ရူးကြောင်ကြောင် ဖြစ်နေပြီလို့ သတင်းကြားရတယ်” လို့ မိသားစု၀င်တွေက ပြောကြပါတယ်။
သေဆုံးသွားတဲ့ကလေးနဲ့ ဖမ်းဆီးခံထားရတဲ့ကလေးဟာ ညီအကို၀မ်းကွဲ တော်စပ်ကြပြီး ပညာသင်နှစ်လည်း အတူတူဖြစ်ကာ အသက်အားဖြင့် အခုနှစ်ဆိုရင် ၁၈ နှစ် ၀င်ခါစပဲ ရှိကြသေးတယ်လို့ မိသားစု၀င်တွေက ဆိုကြပါတယ်။
မောင်ငြိမ်းထက်ကျော် သေဆုံးမှုနဲ့ ပတ်သက်လို့ ဘော်ဒါဆောင်ပိုင်ရှင်လည်းဖြစ် ကျောင်းဆရာလည်းဖြစ်သူကိုလည်း သက်သေခံပစ္စည်း ဖျောက်ဖျက်နဲ့ အရေးယူထားတယ်လို့ အာရက္ခမှုခင်းသတင်းဌာက ထုတ်ပြန်ထားပါတယ်။
“ ဒီအမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက အလုပ်မလုပ်ဘူး။ နောက် မီဒီယာတွေရော၊ ဒေသခံတွေရော ဖိအားပေး ပြောနေကြမှ တစ်နှစ်နီပါးကြာမှ ဟိုကလေးဖမ်းစစ်၊ ဒီကလေးဖမ်းစစ်၊ ပြန်လွှတ်လိုက်နဲ့ နောက်ဆုံး သိက္ခာကျမခံနိုင်တော့ အခု ဖမ်းထားတဲ့ကလေးကို ၀န်ခံခိုင်းပြီး တကယ့်တရားခံအစစ်လို ပုံဖော်ထုတ်ပြန်တာက အရုပ်ဆိုးလွန်းတယ်” လို့ အမည်မဖော်လိုတဲ့ မင်းပြားမြို့ခံတစ်ဦးက အာရက္ခတိုင်းမ််စကို ဆိုပါတယ်။
ဇွန်လ ၁၂ ရက်က ရက္ခိုင်ပြည်၊ မင်းပြားမြို့ရှိ ရာစုသစ်ဘော်ဒါဆောင်က ကျောင်းသား ၁ ဦး မီးလောင်သေဆုံးခဲ့မှုရဲ့ တရားခံနဲ့ သက်သေဖျောက်ဖျက်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီလပ်က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်၊ မနက် အစောပိုင်း ၁ နာရီမှာ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ ရာစုသစ်ဘော်ဒါဆောင်မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အရေးပေါ်ဆေးရုံတက်နေရတဲ့ ကျောင်းသား မောင်ရဲဝင်းအောင်