အာရက္ခတိုင်းမ်စ် (၃၀ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည်က လယ်ယာမြေနဲ့ပတ်သက်ပြီး တားမြစ်ချက် ၅ ချက်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ဗဟိုဌာနချုပ်ရုံးက ဇွန်လ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ကျူးလွန်ပါက တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က လယ်ယာမြေနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ တားမြစ်ချက် ၅ ချက်မှာ
၁။ မည်သူမျှ လယ်ယာမြေကို သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ လူနေအိမ်ခြံမြေ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေကွက် သို့မဟုတ် အခြားနည်း အသုံးပြုရန်အတွက် အကွက်ရိုက်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အငှားချခြင်း မပြုရ။
၂။ လယ်ယာမြေများပေါ်တွင် သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ မြေဖို့ခြင်း၊ လုပ်ထုံးလုပ်နည်း ခြံစည်းရိုး ကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း (သို့မဟုတ်) မြေအသုံးပြုမှု ပြောင်းလဲစေသော လုပ်ငန်းများ မဆောင်ရွက်ရ။
၃။ မီဒီယာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများနဲ့ အခြား မည်သည့် နည်းလမ်းများဖြင့်မဆို လယ်ယာမြေများကို ဥပဒေနဲ့ မညီဘဲ ရောင်းချရန်၊ ဝယ်ယူရန်၊ ရင်းနှီးမြုပ်နှံရန် ကြော်ငြာခြင်း မပြုရ။
၄။ ဤအမိန့်ကို ဖောက်ဖျက် ကျူးလွန်သူများကို မြေယာဆိုင်ရာ ဥပဒေများနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေမဲ့ လုပ်ဆောင်ထားသော လုပ်ငန်းများကို ဖျက်သိမ်းခြင်း၊ ရပ်ဆိုင်းစေခြင်းနဲ့ တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။
၅။ ဤအမိန့်သည် ကြေညာချက် ထုတ်ပြန်သည့် နေ့မှစ၍ အတည်ဖြစ်သည် စတာတွေပဲ ဖြစ်ပါတယ်။
အထက်ပါကဲ့သို့ တားမြစ်ချက်များ ထုတ်ပြန်ရခြင်းဟာ မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ မြေယာ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနဲ့အညီ လယ်မြေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဆိုပါတယ်။