အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည်က မြို့နယ် ၅ မြို့နယ်ဟာ တစ်ရက်ထဲ လေဆင်နှာမောင်းဒဏ် ခံလိုက်ရပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်ပေါင်း ရာကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ အခု စာရင်းကောက်လိုက်တာ၊ လေဆင်နှာမောင်း ဝင်သွားတာ ၅ မြို့နယ်ရှိတယ်။ ရမ်းဗြဲ၊ ဂွ၊ သံတွဲ၊ တောင်ကုတ်နဲ့ ကျောက်ဖြူ။ အဲဒီ ၅ မြို့နယ်က ရွာတချို့ဟာ တော်တော်ခံလိုက်ရတယ်။ အိမ်တွေ တော်တော်ပျက်စီးသွားတယ်။ စာရင်း အတိအကျ မသိရသေးပေမယ့် ရာကျော်တယ်။ အနည်းဆုံးတော့ တစ်ရာကျော်တယ်” လို့ သံတွဲခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ လေဆင်နှာမောင်းဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက် မနက်ပိုင်းကနေ ညသန်းခေါင်အထိ တိုက်ခတ်တာလို့လည်း သိရပါတယ်။
“ ရမ်းဗြဲမှာဆို ကျောက်နီမော်ပေါ့။ နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ တာဝါတိုင် ပျက်စီးသွားတယ်။ အဲဒီမှာက မနက်ပိုင်း၊ နေ့လည်ပိုင်းကျတော့ ဂွမှာ ဇီးကုန်းရွာမှာ အိမ် ၂ လုံး ပျက်စီးတယ်။ ညနေဖက်ကျတော့ သံတွဲ၊ သံတွဲက ရွာများတယ်။ အပျက်အစီးလည်း များတယ်။ အနည်းဆုံး ၇၀ ပဲ၊ ပျက်စီးတာကလေ။ ညဖက်ကျတော့ တောင်ကုတ်နဲ့ ကျောက်ဖြူ။ တောင်ကုတ်ကတော့ အိမ် ၃ လုံးနဲ့ ဘာသာရေးအဆောက်အအုံ ပျက်စီးတယ်။ ကျောက်ဖြူမှာတော့ နေအိမ်အပါ စစ်ရှောင်အိမ်တွေရောဆို ၄၀ ကျော် ၅၀ လောက် ပျက်စီးသွားတယ်လို့ပဲ ကနဦး သိရတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
ဇူလိုင် ၅ ရက်ကစတင်ပြီး ကာလတို၊ ကာလလတ်ကို Meteoblue ICON Model အရ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးရေချိန်ပမာဏ အရောင်ရင့် ပြောင်းလဲလာလို့ မိုးကြီးရေလျှံမှုအန္တရာယ်ကို သတိထားရမယ်လို့ သိရပါတယ်။
အလားတူ မြေပြိုဘေးအန္တရာယ် အနေနဲ့ ချင်းပြည်နယ်၊ ရက္ခိုင်င်ရိုးမတောင်တန်းနဲ့ တနင်္သာရီတောင်တန်းဒေသများတွင် မိုးရေချိန် စုစုပေါင်း များပြားလာခြင်းကြောင့် တောင်စောင်းမြေသားများ တည်ငြိမ်မှု ပျက်ပြားကာ မြေပြိုခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများ ဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မုတ်သုံလေ အရှိန်ပြင်းထန်မှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေဝန်းကျင်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်လို့ ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းများ သတိပြုကြရန်လည်း နှိုးဆော်ထားပါတယ်။