ရွေးတုအစိုးရတပ် ပုဏ္ဏားကျွန်းကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို ရွေးတုအစိုးရတပ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“စစ်တွေမြို့မှာတော့ ပုဏ္ဏားကျွန်းမြို့ဘက်ကို ပြန်လည် တိုက်စစ်ဆင်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ စီမံချက်ဟာ စစ်တိုင်းမှူးအသစ် ရောက်လာပြီးတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး အာရက္ခတပ်ဘက်ကလဲ မျှော်လင့်ထားပြီး ဖြစ်ပါတယ်။ အမြင့်ကျွန်း မင်းချောင်းတံတားကနေ သံချပ်ကာယာဉ်တွေနဲ့ တိုက်စစ်ဆင်မယ့် အခင်းအကျင်းမျိုး ရှိနေတာပါ။ ပုဏ္ဏားကျွန်းမြို့အတွင်းထိ မရောက်ရင်တောင် ရသေ့တောင်လမ်းဆုံကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ရွေးတုအစိုးရတပ်ဟာ စစ်တွေမြို့ကို စစ်သင်္ဘောတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို တောက်လျောက်ပို့ဆောင် အင်အားဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်အနီးရှိ တောကန်ရွာ၊ ကျားမသောက်တပ်ရင်းအနီးရှိ ကျားမသောက်နဲ့ ကျောက်တန်းချေရွာ၊ ပါဒလိတ်တပ်ရင်းအနီးရှိ ကြွီတဲနဲ့ ကျောက်တန်းကြီးရွာတွေက ဒေသခံနေအိမ်တွေ ဖျက်ဆီး ရောင်းချပြီး စစ်စခန်းတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

“စစ်တွေတပ်နယ်ထဲက ထွက်လာမယ့် စစ်ကြောင်းတွေဟာ မင်းချောင်းတံတားကို ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တောင် ကွမ်းတောင် မရောက်နိုင်ဘူးလို့ဘဲ တွက်ဆရပါတယ်။ တကယ်တမ်းသာ တိုက်စစ်ဆင်ခဲ့မယ်ဆိုရင် စစ်တွေတပ်နယ်မှာ ထုနဲ့ ခံစစ်ဆင်နေတဲ့ အင်အားတွေကို စိတ်ကြိုက် ချေမှုန်းနိုင်မယ့် အခွင့်အရေးကို အာရက္ခတပ်ဘက်က ရရှိသွားပါလိမ့်မယ်။ စစ်တွေ အနေအထားကတော့ လှုပ်လိုက်တာနဲ့ မြုပ်မယ့် အနေအထား ဖြစ်သွားမှာမို့ ပုဏ္ဏားကျွန်းတိုက်စစ်သာ ပြင်ခဲ့တယ်ဆိုရင် အာရက္ခတပ်ရဲ့ မြို့သိမ်းတိုက်ပွဲ နိဒါန်းရဲ့ နိဂုံးတစ်ခု ဖြစ်လာပြီလို့ ဆိုရတော့မှာပါ” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် နဲ့ ရွေးတုအစိုးရတပ်တို့ဟာ ဒကစ အနီးရှိ နာရီကန်၊ ပါဒလိတ်၊ တောကန်၊ ကျားမသောက်နဲ့ မယူမြစ် အရှေ့ဘက်ကမ်းက အမြင့်ကျွန်း၊ ကြွီတဲ စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Related posts

မင်းပြားတွင် ၂၂ ရွာကျော် ရေကြီးနေ

ရက္ခိုင်မြောက်ပိုင်းတွင် တောင်ပြို/မြေပြို အန္တရာယ် အလွန်စိုးရိမ်ရ

မြောက်ဦးတွင် ရပ်ကွက်အချို့ ရေနစ်မြုပ်