ရက္ခိုင်ရေဘေးဒဏ် ပြည်သူ ၁ သိန်းခန့် ကြုံတွေ့နေရ၊ မြောက်ဦးနဲ့ မင်းပြား အဆိုးဆုံး ရင်ဆိုင်နေရ

အာရက္ခတိုင်းမ်စ် (၁၁ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်မှာ ဒေသခံပြည်သူ လူဦးရေ ၁ သိန်းခန့် ရေဘေးနဲ့ ကြုံတွေ့နေရတယ်လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ပလက်ဝ အစရှိတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီအထဲမှာမှ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့ဟာ ရေဘေးကို အဆိုးဆုံး ကြုံတွေ့နေရတာ ဖြစ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

“အဆိုးရွားဆုံး အခြေနေလို့ပြောရင် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်လို့ ပြောရင် ရတယ်ဗျ။ ဒီ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်က ကျေးရွာတွေ အများစုက ရေဘေးသင့်နေပါတယ်။ လူဦးရေ ၁ သိန်းပတ်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ ခန့်မှန်းမိတယ်ဗျ။ အခု ရေကြီးမှုက တော်တော်ဆိုးတယ်လို့တော့ ပြောလို့ မရဘူးဗျ။ ဒီထပ် ဆိုးခဲ့တာတွေလည်း ရှိတယ်။ ကျနော်တို့ သိပ်မကြာခင် ၂၀၂၄ မှာ တစ်ခေါက် ရေကြီးခဲ့တာ ရှိတယ်။ ပြီးတော့ ၂၀၁၅ မှာ ကြီးခဲ့တာ တစ်ခေါက် ရှိတယ်။ အဲ့ဟာတွေတုန်းက ကြီးတဲ့ ပုံစံတော့ မမှီသေးဘူးဗျ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လတ်တလောမှာ မြေနိမ့်ပိုင်းဒေသက ကျေးရွာတွေဟာ ရွှေ့ပြောင်းထားရတာကြောင့် ဒေသခံတွေအနေနဲ့ စားသောက်ရေး အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နာတာရှည် ကျန်းမာရေး မကောင်းသူတွေနဲ့ သက်ကြီးရွယ်အို အများအပြားလည်း ပါရှိတာကြောင့် ဆေးဝါးတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်က နှစ်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ဦး စုစု‌ပေါင်း သုံးဦး သေဆုံးခဲ့ပြီး နေအိမ်၊ လမ်း၊ တံတားများ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။

Related posts

ဂွကနေ ငပလီထိ ကမ်းခြေတကြောကို မအလ က ရုရှားကို ရောင်းစားထား

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)