စစ်တွေမှာ လမ်းဘေးဈေးသည်တွေကို ဆိုင်ပိတ်ခိုင်းထား

အာရက္ခတိုင်းမ်စ် (၂၆ ဩဂုတ် ၂၀၂၆)

ရွေးတုအစိုးရ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားမှုကြောင့် လမ်းဘေးဈေးသည်တွေအားလုံးကို ဩဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၁ ရက်အအထိ ဆိုင်တွေ ပိတ်ခိုင်းထားတယ်လို့ မုန့်တီရောင်းချသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်တွေမှာပါလေ လဆန်းပိုင်းကတစ်ခေါက် ရပ်ကွက်တွေမှာ လိုက်လို့ မိုက်နဲ့ အော်ပါတယ်။ အုပ်ချုပ်ရေးမှူး ရုံးကနေပြီးတော့ ရပ်ကွက်တိုင်းရဲ့ ကိုယ့်ရပ်ကွက်တိုင်းမှာ အသုပ်တို့၊ မုန့်တီတို့၊ မုန့်ဟင်းခါးတို့၊ လမ်းဘေးဈေးသည်တွေကိုပေါ့လေ။ ကျမလည်း မုန့်တီရောင်းတဲ့သူပါ။ အပြင်မှာ မရောင်းရဆိုတော့ ကျမတို့ကတော့ အိမ်ထဲမှာ ‌ရောင်းနေတာပေါ့။ ညကမှ အော်တဲ့အခါဆိုတော့လေ ကျမတို့က အကုန်လုံး လုပ်ထားပြီးသား ဖြစ်နေတဲ့အတွက် အိမ်ထဲမှာတော့ ရောင်းနေတယ်။ ဈေးထဲမှာတော့ တစ်သည်မှ မရောင်းရဆိုပြီး စာထုတ်ထားလို့ တစ်ယောက်မှ မရောင်းရပါ။ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်တယ်လို့တော့ အော်သွားပါတယ်။ ကျမတို့ အနီးပတ်ဝန်းကျင်မှာတော့ တစ်ခုလည်းတော့ အဲဒီလို ဝမ်းပျက်၊ ဝမ်းလျှောနဲ့ ဖြစ်တာတော့ မကြားပါဘူး။ အစိုးရက မိုက်နဲ့အော်တယ်။ မရောင်းရဆိုရင်၊ ရပ်ကွက်က မိုက်နဲ့ အော်တယ် မရောင်းရဆိုရင် မရောင်းရဘူးပေါ့လေ။ မရောင်းရဆို ကျမတို့ လုပ်စားတဲ့လူတွေ ဒုက္ခရောက်ကုန်ပြီပေါ့။ ၂၅ ရက်နေ့ကနေစပြီး လဆန်း ၁ ရက်နေ့အထိ ဆိုပြီးတော့ အော်သွားပါတယ်။ အဲဒီ ၁ ရက်နေ့ နောက်ပိုင်းကို ရောင်းခိုင်းမှာလား၊ မရောင်းခိုင်းဘူးလား မသိရသေးဘူး။ ရောဂါအခြေအနေက ဆိုးလာဖို့လား၊ မဟုတ်ဘဲနဲ့ ကောင်းသွားတယ်ဆိုရင်တော့ ကျမတို့ ပြန်ပြီး ရောင်းစားလို့ရမှာပါ” လို့ သူက ပြောပါတယ်။

စစ်တွေမြို့နဲ့ ကျေးရွာအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သေဆုံးသူများလည်း ရှိနေကြောင်း၊ စစ်တွေမြို့ပေါ်ရပ်ကွက်အချို့၊ စစ်ဘေးရှောင်တွေ နေထိုင်ရာဒေသ၊ မွတ်ဆလင်ကျေးရွာနဲ့ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ရောဂါကြောင့် သက္ကယ်ပြင်၊ ဘောဒူဘနဲ့ အုန်းတောကြီးတို့လို မွတ်ဆလင် ဒုက္ခသည်စခန်းတွေထဲက ၄ ဦး သေဆုံးထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက် ရှိတာပါ။

ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါဟာ ရန်ကုန်မှာ စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဖြစ်ပွားနေဆဲဖြစ်ကာ ကူးစက်ရောဂါလိုမျိုး ပုံစံမှာ ရှိနေတာ ဖြစ်ပါတယ်။

Related posts

ပလက်ဝ စိမ်းညှင်းဝ ဗုံးကြဲခံရမှုတွင် သေဆုံး ထိခိုက်သူတွေကို ULA ထောက်ပံ့

စစ်အင်အား ၁၅၀၀ နဲ့ တပ်ဖြန့်ပြီး တောင်ကုတ်ရိုးကို ရွေးတုတပ် စစ်ကြောင်းထိုးနေ

ပွဲစားလိမ်လည်မှုကြောင့် ပတ်စပိုစ့် သိမ်းခံရပြီး ဒုက္ခရောက်နေတဲ့ ခမီအမျိုးသမီးကို KNDA ကူညီ