အာရက္ခတိုင်းမ်စ် (၂၈ ဩဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေများတွင် အလှကုန်များ ရောင်းချနေတဲ့ဆိုင်များတွင် တားမြစ်အလှကုန်များ ရောင်းချနေခြင်း ရှိ/မရှိကို အာရက္ခပြည်သူ့တောလှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲက ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
“သြဂုတ်လ ၁၁ ရက်က ပုဏ္ဏားကျွန်းနဲ့ ၁၄ ရက်နေ့က ပလက်ဝမှာ စစ်ဆေးခဲ့ပါတယ်။ သုံးစွဲရန်မသင့်တဲ့ အလှကုန်ရောင်းတဲ့ဆိုင်နဲ့ သက်တမ်းကုန်အလှကုန် ရောင်းတဲ့ ဆိုင်တွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီ အလှကုန်တွေကို သိမ်းဆည်းခဲ့ပြီး ဆိုင်ရှင်တွေကိုတော့ ခံဝန်လက်မှတ် ထိုးခိုင်းခဲ့ပါတယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က အလှကုန်ဆိုင်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲက စစ်ဆေးရာတွင် သုံးစွဲရန် မသင့်တဲ့ အလှကုန်ပစ္စည်းများ ရောင်းချနေတဲ့ ဆိုင် ၉ ဆိုင်နဲ့ သက်တမ်းကုန် အလှကုန်ပစ္စည်းများ တွေ့ရှိရတဲ့ ဆိုင် ၈ ဆိုင် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပလက်ဝမြို့နယ်တွင်လည်း အလှကုန်ဆိုင် ၁၂ ဆိုင်ကို စစ်ဆေးခဲ့ရာ သုံးစွဲရန် မသင့်တဲ့ အလှကုန်ပစ္စည်းများ တွေ့ရှိရတဲ့ဆိုင် ၈ ဆိုင်နဲ့ သက်တမ်းကုန်ပစ္စည်းများ တွေ့ရှိရတဲ့ဆိုင် ၉ ဆိုင်ကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆေးမှုအတွင်း တွေ့ရှိခဲ့တဲ့ သုံးစွဲရန် မသင့်တဲ့ အလှကုန်ပစ္စည်းများနဲ့ သက်တမ်းကုန် ပစ္စည်းများကို FDA တာဝန်ရှိသူများက သိမ်းဆည်းခဲ့ပြီး ဆိုင်ပိုင်ရှင်များကို ခံဝန်လက်မှတ် ရေးထိုးစေခဲ့ပြီး အဆိုပါ ဆိုင်များအပါအဝင် အခြား အလှကုန်ဆိုင်များကိုလည်း တားမြစ်ထားတဲ့ ပစ္စည်းများကို ထပ်မံ ရောင်းချခြင်း မပြုရန် အသိပညာ ပေးခဲ့တယ်လို့လည်း သိရပါတယ်။