အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၇ ယောက်ကို ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးနဲ့ စီရင်ပြီး အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက စက်တင်ဘာလ ၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၁ နှစ်ကနေ ၃၉ နှစ်အတွင်း ယောင်္ကျားလေးတွေဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေကတော့ ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက်က မောင်အောင်မျိုးလွင်၊ မောင်အောင်မျိုးဆက်၊ မောင်ထွန်းဝေ၊ မောင်မောင်ချေ၊ မောင်မောင်ကြီး၊ မောင်ကိုနိုင်ချေ၊ မောင်ငြိမ်းချမ်း၊ မောင်ကျော်စိုးမင်း၊ မောင်ကျော်နိုင်သန်း၊ မောင်မျိုးမြင့်အောင်၊ မောင်စိုးမြတ်ထွန်း၊ မောင်ကျော်နိုင်သန်းနဲ့ မြို့သစ်ရပ်ကွက်က မောင်ကျော်စိုးမင်း၊ မောင်ဖြိုးအေးဇော်နဲ့ မောင်ရွှေအေး ဖြစ်ပါတယ်။
အဆိုပါ လူငယ်တွေကို မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး ထောက်လှန်းရေး၊ ဒီလပ်ဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စစ်ဆေးရန် ရှိတယ်ဆိုပြီး ခဏလိုက်ခဲ့ဖို့ ခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေက ဆိုပါတယ်။
“ကျမမှာ မောင်နှစ်ယောက် ပါသွားပါတယ်။ ၁၇ ဦးထဲမှာပါတဲ့ အောင်မျိုးလွင်နဲ့ နောက်တစ်ယောက် အစ်ကိုဖြစ်သူပါ။ အစ်ကိုဖြစ်သူက ၄၅ ရက် သင်တန်းဆင်းပြီးသားပါ။ ဒီလပ်တပ်ဖွဲ့ဝင်တွေက ညနေစောင်းမှာ အိမ်လာခေါ်ပါတယ်။ ကျမမောင်နှစ်ယောက်က အလုပ်သွားလုပ်နေတာပါ။ အလုပ်ကပြန်လို့ အိမ်ရောက်တော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို သွားပါတယ်။ ရုံးက ပြောပါတယ်။ ခဏလေးပါ၊ ပြီးရင် ပြန်လွှတ်ပေးမယ် ပြောပါတယ်။ အခုထိ ပြန်မလွှတ်သေးပါ။ အဘွားဖြစ်သူလည်း မြေးကိုလွမ်းလို့ မကြာခင်က ကွယ်လွန်သွားပါတယ်” လို့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေကို စစ်သင်တန်းကို ပို့ထားတယ်လို့ AA တပ်ဖွဲ့ဝင်တချို့က လာရောက်ပြောဆိုခဲ့ပြီး စစ်မှုထမ်းခိုင်းခြင်းကို မိဘများက လက်မခံနိုင်လို့ အာရက္ခပြည်သူ့အစိုးရထံ အသနားခံစာ တင်ထားတယ်လို့ သိရပါတယ်။