တောင်ကုတ်ကို ရွေးတုတပ် ဗုံးကြဲလို့ ပြည်သူတစ်ဦးသေ တစ်ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်ကို ရွေးတုအစိုးရတပ်က ဂျက်လေယာဉ်နဲ့ ဒီကနေ ညနေ ၄ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ဂျက်ဖိုက်တာနဲ့ တောင်ကုတ်မြို့နယ်ကို ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ် ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကေရွာနဲ့ တရဂူရွာ ပတ်ဝန်းကျင်ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ ရွေးတုအစိုးရတပ် ဗုံကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၆၀ အရွယ် ဦးတင်မောင် ဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သူကတော့ အသက် ၇၃ နှစ်အရွယ် ဦးမင်းဆွေ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်ကလည်း ရက္ခိုင်ပြည် သံတွဲခရိုင် ဂွမြို့နယ် ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

Related posts

တိုက်ပွဲတွေပြင်းထန်နေပေမယ့် စစ်တွေမှာ ကုန်ဈေးမတက်

စစ်ဘေးရှောင် ၅ ထောင်ကျော်အတွက် အရေးပေါ် ဆန်လိုအပ်နေ

ပုဏ္ဏားကျွန်းတိုက်ပွဲ ရွေးတုတပ်က တပ်ရင်းမှူး၊ စစ်ကြောင်းမှူး အပါ ၁၀၀ ကျော် သေဆုံး