အာရက္ခတိုင်းမ်စ် (၁၃ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ရသေ့တောင်ကနေ ဘူးသီးတောင်မြို့နယ်ကို မောင်းနှင်လာတဲ့ စက်လှေတိမ်းမှောက်မှုကြောင့် ရေနစ်ပျောက်ဆုံးနေတဲ့ ကျောင်းဆရာရဲ့ ရုပ်လောင်းကို စက်တင်ဘာလ ၁၂ ရက်က ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြန်လည် ရှာဖွေတွေ့တဲ့ ကျောင်းဆရာဖြစ်သူဟာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာတွင် တာဝန်ကျနေတဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၈ နေ အသက် ၃၆ ဒု-မူလတန်းပြကျောင်းဆရာ ဆရာ ဦးစိုးမြတ်ကျော် ဖြစ်ပါတယ်။
ဆရာ ဦးစိုးမြတ်ကျော်ရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၁၂ ရက် ညနေ ၄ နာရီခန့်မှာ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်းချောင်းရွာနဲ့ ဂုံးနားရွာကြားက ချောင်းကမ်းစပ်တစ်နေရာမှာ ဒေသခံတွေက ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။
ဆရာ ဦးစိုးမြတ်ကျော်ဟာ သြဂုတ်လ ၃၀ ရက် ည ၉ နာရီ မိနစ် ၂၀ ခန့်မှာ ရသေ့တောင်မြို့နယ် အိုးဖောက်ကျေးရွာကနေ ခရီးသည် ၁၀ ဦးကို တင်ဆောင်လာတဲ့ စက်လှေနဲ့ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာကို ထွက်ခွာလာတာလို့ သိရပါတယ်။
အဆိုပါ စက်လှေဟာ ကာဒီ (မူဆလင်) ရွာ အနီးမှာ လှိုင်းပြင်းထန်လာနေလို့ စက်လှေအတွင်း ရေဝင်ရောက်လာပြီး စက်လှေမောင်းသူကလည်း အရက်သေစာ သောက်စားထားလို့ စက်လှေမထိန်းနိုင်ဘဲ နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။
စက်လှေ နစ်မြုပ်နေစဉ် ကာဒီ (မူဆလင်) ရွာသားများက ခရီးသည်များကို ကူညီကယ်ဆယ်ပေးခဲ့လို့ ခရီးသည် ၉ ဦး အသက်ရှင်ခဲ့ပြီး ဆရာ ဦးစိုးမိုးကျော် တစ်ယောက်သာ ရှာမတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ခရီးသည်တွေကို ကူညီ ကယ်ဆယ်ပေးခဲ့တဲ့ ကာဒီ (မူဆလင်) ရွာသား ၆ ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တစ်ဦးလျင် ငွေကျပ် ၂ သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။