အာရက္ခတိုင်းမ်စ် (၁၇ စက်တင်ဘာ ၂၀၂၆)
ခိုင်ခီရွာ စက်လှေကြီးကြပ်ရေးကော်မတီရုံးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြေရှင်းအရေးယူထားတယ်လို့ ULA/AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟားခရိုင်၊ ခိုင်ခီကျေးရွာ ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဆိပ်ကမ်းရှိ ခိုင်ခီရွာ စက်လှေကြီးကြပ်ရေးကော်မတီရုံးတွင် MARA THYUTLIA PY (MTP) ကျေးရွာလူငယ်အသင်း လူငယ်တွေက တာဝန်ယူပြီး နှစ်ဖက်နိုင်ငံမှ ကုန်သည်၊ စက်လှေသမားတွေဟာ ကုန်သွယ်ရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်း အတင်အချအတွက် သွားလာခွင့်ပြုခြင်း၊ အလှည့်ကျ စီစဉ်ပေးခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်လေ့ရှိသလို ပလက်ဝဖက်ကို ကုန်ပို့မယ့် စက်လှေတွေကိုလည်း အလှည့်ကျ စီစဉ် ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အဆိုပါရုံးကို ရက္ခိုင်ဘက်မှ စက်လှေမောင်းသမား ကိုဇော်နိုင်လင်းက စက်လှေအလှည့်ကျစနစ်နဲ့ ပတ်သက်ပြီး သွားရောက်မေးမြန်းရာမှ MTP အဖွဲ့ဝင်တစ်ဦးနဲ့ အပြန်အလှန် စကားများရန်ဖြစ်ပြီး သူ့ကို လက်သီးနဲ့ထိုးခဲ့လို့ ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကျေနပ်လို့ ကိုဇော်နိုင်လင်းဘက်မှ လူငယ်အယောက် (၃၀) ခန့် ခေါ်ဆောင်လာကာ MTP ရုံးကို အုပ်စုလိုက် သွားရောက် ဖျက်ဆီးပြီး မီးရှိရန်အထိ ကြိုးပမ်းခဲ့ကြသလို MTP ရုံးလူငယ်များမှလည်း ပလက်ဝဘက်အခြမ်းရှိ ဈေးဆိုင်တန်းများကို ဖျက်ဆီးခဲ့ပြီး အနီးရှိ လူတစ်ဦးကိုပါ ရိုက်နှက်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လူငယ်သဘာဝ သောက်စားမူးယစ် စိတ်မထိန်းနိုင်ရင်း လက်ပါကာ ရန်ဖြစ်ကြတဲ့ သာမန် အုပ်စုလိုက် ရန်ပွဲတစ်ခုသာသာပါ။ ဒီဖြစ်စဉ်ကို နှစ်ဖက်သက်ဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပြီး ဖြေရှင်းပြီးပါပြီ။ ဒီဖြစ်စဉ်ကို အစပြု ဦးဆောင်ပါဝင်ခဲ့သူ ကိုဇော်နိုင်လင်းနဲ့ ဦးဆောင်ပါဝင်ခဲ့တဲ့ တခြားသော လူတချို့ကိုလည်း အခုအချိန်မှာ ULA/DLEPS က ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူ ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။
သို့ရာတွင် တချို့သော သတင်းဌာများက လူမျိုးရေး ပြဿနာဖြစ်အောင် ရည်ရွယ်ပြီး ဖြစ်ရပ်မှန်နဲ့ ကွဲလွဲကာ လိုရာကို ပုံဖော်ပြီး ပုံကြီးချဲ့ကား ရေးသားထားခြင်းမျိုးကို တွေ့ရှိရပြီး ဒါဟာ ULA/AA ရဲ့ အောင်မြင်မှုကို မနာလို မရှုစိမ့်တဲ့ သဝန်တိုစိတ် အရေးအသားများသာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
Photo – ONN