အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ သံတွဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ ဗောဓိကုန်းဈေးလမ်းကို စစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာလ ၁ ရက်) နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံး ကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသွားသူကတော့ သံတွဲမြို့၊ အမှတ် ၆ ရပ်ကွက်က အသက် ၄၆ နှစ်အရွယ် ကိုစည်သူနဲ့ အသက် ၃၈ နှစ်အရွယ် မေသန္တာဝင်း ဖြစ်တယ်လို သိရပါတယ်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် ကိုစည်သူမှာ ခြေခုံ ဗုံးစထိမှန်ခဲ့ပြီး၊ မေသန္တာဝင်းမှာတော့ ဘယ်ဘက်ကျောကုန်း ဗုံးစထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃၀ ရက်၊ ည ၁၀ နာရီအချိန်တွင် ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ကူတောင်ကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ရာ ကူတောင်ကျေးရွာအနီးဝန်းကျင်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ရပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃၀ ရက် ညအချိန်က နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေတဲ့ စစ်တွေမြို့နဲ့ ဆက်စပ်နေတဲ့ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းနဲ့ ဝီရဋ္ဌာနီမြို့တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့ရှိ လူမျိုးဘာသာမရွေး ဈေးရောင်းဝယ်ဖောက်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင် မိခင်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိခဲ့ပါတယ်။
Photo – One Nation News (ဓာတ်ပုံများကို အာရက္ခတိုင်းမ်စ် Telegram Channel တွင် ကြည့်ရှုနိုင်ပါသည်)