ပန်းနီလာစစ်ရှောင်စခန်း ဗုံးကြဲခံရလို့ ၁၂ တန်းကျောင်းသူအပါအဝင် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာစစ်ဘေးရှောင်စခန်းကို ဒီကနေ့ အောက်တိုဘာလ ၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၉ နာရီခွဲကနေ ၁၀ နာရီကျော်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံး ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသွားသူမှာ အောင်ဖြူပြင်ကျေးရွာက အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရသွားသူမှာ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာက ပန်းနီလာစခန်းတွင် စစ်ဘေးရှောင်နေတဲ့ အသက် ၁၈ နှစ်အရွယ် ၁၂ တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတွင် သေဆုံး ၁ ဦးနဲ့ ဒဏ်ရာရသူ ၂ ဦးကို ကနဦး သိရှိရပြီး နောက်ထပ် သေဆုံးမှုနဲ့ ပျက်စီး ဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုရွာနဲ့ ယိုးငူရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

Related posts

ရက္ခိုင်တွင် ပရဟိတဆေးခန်း ဗုံးကြဲခံရ၊ ကျောင်းသူ သေဆုံးမှုကို ဆေးခန်းက ပြင်းထန်ကန့်ကွက်

အပေါက်တောင်-စနဲလမ်းကြောင်းတွင် တိုက်ပွဲပြင်းထန်၊ တပ်မိသားစုများ အရေးပေါ်ရွှေ့ပြောင်း

ခြိမ်းခြောက်ခံနေရတဲ့ သတင်းသမားအတွက် IPCM လျှောက်လွှာခေါ်ယူ