လေယာဉ်ဆီထုတ်လုပ်မယ့် သန်လျင်ရေနံချက်စက်ရုံ အပိုင်း (၁) ကို စစ်ကောင်စီ ဖွင့်လှစ်

အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆)

တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ စက်ကိရိယာအကူအညီများဖြင့် လေယာဉ်ဆီ ထုတ်လုပ်နိုင်ရန် စီစဉ်ထားတဲ့ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း ၁) ကို အောက်တိုဘာလ ၁၄ ရက်က ဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာများတွင် ဖော်ပြထားပါတယ်။

အဆိုပါ ဖွင့်ပွဲကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုများကြောင့် လေယာဉ်ဆီပြတ်လပ်မှုကို ရှောင်ရှားရန်နဲ့ စစ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် စစ်ကောင်စီက အခုလို Jet A-1 လေယာဉ်ဆီ စတင်ထုတ်လုပ်နိုင်ရန် အဓိကထား ကြိုးပမ်းလာခြင်း လည်း ဖြစ်ပါတယ်။

အဆိုပါစက်ရုံဟာ ပထမအဆင့်အနေနဲ့ တစ်နှစ်လျှင် လေယာဉ်ဆီတန်ချိန် ၁ သိန်းခွဲ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး၊ စီမံကိန်းအဆင့်နှစ်ခုစလုံး ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခွဲနီးပါးအထိ တိုးမြှင့် ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။

အရပ်သားပြည်သူများကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွန်ရက်များနဲ့ အခြေခံအဆောက်အဦမှန်သမျှဟာ တရားဝင် စစ်ရေးပစ်မှတ်များဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက အရေးပါတဲ့ လေယာဉ်ဆီ ထုတ်လုပ်ရေး လုပ်ငန်းများကို စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ အထောက်အပံ့နဲ့ အရှိန်မြှင့် လုပ်ဆောင်လာနေခြင်းကြောင့် မြေပြင်နဲ့ ဝေဟင်စစ်ရေး အခြေအနေများကို ပိုမို တင်းမာလာစေနိုင်တယ်လို့လည်း သိရပါတယ်။

Related posts

ပြည်သူလူထု အမိုးအကာအောက်မှာ အေးအေးဆေးဆေး နေနိုင်ဖို့ ကြိုးစားနေတယ်လို့ စောမြရာဇာလင်း ပြော

စစ်တွေကို ဆုံးရှုံးရမှာစိုးလို့ ငပြီကျွန်းနဲ့ ဝီရဌာနီကို စစ်ကောင်စီ ဗုံးအလုံး ၂၀၀ နီးပါးကြဲချ တိုက်ခိုက်

RNP ပါတီ မလေးရှားက ပြန်ပို့ခံရတဲ့ ရက္ခိုင် ၂၁၇ ဦးနဲ့ တွေ့ဆုံ၊ နေရပ်ပြန်ရေးအတွက် ကတိမပေးခဲ့