အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆)
နေပြည်တော်တွင် ကျင်းပပြုလုပ်တဲ့ (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့များအနေနဲ ငြိမ်းချမ်းရေးယူပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်တစ်ခုဆိုတာဟာ လူမျိုးတစ်မျိုးတည်းက သီးသန့်ပိုင်ဆိုင်တဲ့ နယ်မြေမဟုတ်ဘဲ ထိုဒေသအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ အကျိုးတူ ပိုင်ဆိုင်မှုသာ ဖြစ်တယ်လို့ မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားများအနေနဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အပြည့်အဝ မွေးမြူကြရန် လိုအပ်ကြောင်းလည်း သူက ဆက်လက် တိုက်တွန်းထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ငြိမ်းချမ်းရေးရယူပြီးပါက နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေး ကဏ္ဍအသီးသီးတို့တွင် ပါဝင်ဆောင်ရွက်လိုပါက တည်ဆဲဥပဒေများနဲ့အညီ တရားဝင် ပါဝင်လုပ်ကိုင်နိုင်ကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်က လက်နက်ကိုင်များအနေနဲ့ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာပါက သာမန်အရပ်သား ပြည်သူများနည်းတူ ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အဝရရှိပြီး လုံခြုံအေးချမ်းစွာနဲ့ ဘဝကို ရပ်တည်ရှင်သန်နိုင်မှာ ဖြစ်တယ်လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။