အာရက္ခတိုင်းမ်စ် (၁၇ အောက်တိုဘာ ၂၀၂၆)
အောက်တိုဘာလ ၉ ရက်ကနေ ၁၅ ရက် ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အနည်းဆုံး ၆၄ ကြိမ် ဖြစ်ပွားခဲ့ပြီး မကွေးဒေသတွင် ဖြစ်စဉ် ၁၃ ခုနဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အရင်အပတ်နဲ့ နှိုင်းယှဉ်ပါက စစ်ရေးလှုပ်ရှားမှု ဖြစ်စဉ်အရေအတွက်ဟာ ပိုမို မြင့်တက်လာတာကို တွေ့ရှိရတယ်လို့ ညဏ်လင်းသစ် (Nyan Lynn Thit Analytica) က ဆိုပါတယ်။
ဖြစ်စဉ်များအနက် နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်စဉ်ဟာ အများဆုံးဖြစ်ပြီး စုစုပေါင်း ၅၀ ကြိမ် ဖြစ်ပွားခဲ့ကာ အဆိုပါဖြစ်စဉ်များအတွင်း စခန်းသိမ်းတိုက်ပွဲဖြစ်စဉ် ၅ ခု ပါဝင်တယ်လို့ သိရှိရတယ်လို့ ဆိုပါတယ်။
အဆိုပါကာလအတွင်း အာရက္ခတပ်တော် (AA) က စခန်းသိမ်းတိုက်ပွဲတွေကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ညဏ်လင်းသစ် (Nyan Lynn Thit Analytica) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၉၊ ၁၀၊ ၁၁၊ ၁၅ ရက်များတွင် ရက္ခိုင်ဒေသ၊ စစ်တွေ၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။