အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ နေ့စဉ်ဆက်တိုက် ပြင်းထန်နေပါတယ်။
“တိုက်ပွဲကတော့ ပြောမယ်ဆိုရင် စစ်တွေမြို့နဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင်တခုလုံးလို့ ပြောလို့ရတယ်။ စစ်တွေ တဝိုက်မှာ ရွှေမင်းဂံချောင်း၀ကနေပြီးတော့ ဟိုးဘက် မယူမြစ်ကို တထွက် (မယူမြစ်၀ထိ)၊ အဲဒီဘက်တွေမှာ တိုက်ပွဲတွေဟာ တောက်လျှောက်ဖြစ်နေတယ်” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တိုက်ပွဲတွေဟာ စစ်တွေမြို့တဝိုက်က ရွှေမင်းဂံချောင်းဝကနေ မယူမြစ်ဝအထိ ရေပြင်၊ ကုန်းပြင်နယ်မြေတစ်လျှောက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။
“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဘက်ကတော့ သူတို့ဘက် အထိအခိုက် အကျအဆုံးတွေ များပါတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်၊ ဒဏ်ရာရတဲ့လူတွေ၊ ကျဆုံးတဲ့လူတွေ ရှိပါတယ်။ ဒီဟာကတော့ စစ်ပွဲပြင်းထန်တာနဲ့အမျှ နှစ်ဖက်ထိခိုက်၊ ကျဆုံးမှုကတော့ ရှိပါတယ်။ သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကတော့ ပိုပြီးများပါတယ်” လို့ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
ရက္ခိုင်ပြည် စစ်တွေမြို့ပတ်လည်က စစ်ကောင်စီရဲ့ အဓိက ကာကင်းစခန်းတွေကို အာရက္ခတပ်တော်က တစ်ခုပြီးတစ်ခု ဝန်းရံသိမ်းပိုက်နေရာ ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိက ရှေ့ထွက်ကာကင်းစခန်း ဖြစ်တဲ့ အမြင့်ကျွန်းဝန်းကျင်က တပ်စခန်းတစ်ခုကို ထပ်သိမ်းလိုက်ကြောင်း သိရပါတယ်။
စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေလို့ ရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် အမြင့်ကျွန်းဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေ အလွန်နည်းနည်းပဲ ကျန်တော့ပြီး ပါဒလိတ်ဘက် ထွက်ပေါက်ဝမှာ ကျန်နေတဲ့ စခန်းတွေကိုလည်း AA က ဆက်ပြီး ရှင်းလင်းနေတယ်လို့ သိရပါတယ်။