တပ်တောင်က အဓမ္မပြုကျင့်မှု စွပ်စွဲခံရသူ ထိန်းသိမ်းစဉ် ထွက်ပြေးသွားပြီး မဖမ်းမိသေးဟု နစ်နာသူမိသားစုပြော

အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့ သတင်းဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ နစ်နာသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

စွပ်စွဲခံရသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ အချက်မှာ မှားနေပြီး ၎င်းဟာ ထွက်ပြေးလွတ်မြောက်နေဆဲလို့ မိသားစုဝင်က ဆိုပါတယ်။

မိသားစုဝင်တွေရဲ့ ပြောကြားချက်အရ အောက်တိုဘာလ ၁၁ ရက် မွန်းတည့်ပိုင်းမှာ အမျိုးသမီးက ဘေးအိမ်မှာ ရှိနေစဉ် စွပ်စွဲခံရသူက လိမ်ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

မိသားစုဝင်တွေက အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ပြီး စွပ်စွဲခံရသူကို ဖမ်းကာ တရားဥပဒေအရ အရေးယူပေးဖို့ သက်ဆိုင်ရာဌာနကို အပ်နှံခဲ့ကြပါတယ်။

မိသားစုဝင်တွေရဲ့ ပြောကြားချက်အရ စခန်းမှာ ထိန်းသိမ်းထားစဉ် အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းမှာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“ညီမက အမှုကိစ္စ ဖြစ်စဉ်တစ်လျှောက်လုံးမှာ သက်ဆိုင်ရာ ဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် တိုင်တန်းထားပြီးသားပါ။ သူတို့လည်း အကောင်းဆုံး ကြိုးစား ရှာဖွေနေကြောင်း ပြောပြပါတယ်” လို့ မိသားစုဝင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်မရသေးတာကြောင့် နစ်နာသူမိသားစုနဲ့ သက်သေတွေက လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

ထွက်ပြေးတာကို သိလို့ မိသားစုက စခန်းကို သွားမေးရာမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ ဒေသခံ ထောက်လှမ်းရေးအဖွဲ့နဲ့ တာဝန်ရှိသူအချို့က ကူညီနေကြောင်း မိသားစုက ဆိုပါတယ်။

ယခင်သတင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖော်ပြခဲ့တာကြောင့် မိသားစုရဲ့ နာကျင်မှုကို ပိုဆိုးစေပြီး လွတ်မြောက်နေတဲ့သူကို အခွင့်အရေးပေးသလို ဖြစ်နေတယ်လို့လည်း မိသားစုက ပြောပါတယ်။

ပြည်သူလူထုနဲ့ သတင်းဌာနတွေအနေနဲ့ မြေပြင်အခြေအနေမှန်ကို သိရှိနိုင်ဖို့၊ နစ်နာသူမိသားစု တရားမျှတမှု ရရှိဖို့အတွက် သတင်းအချက်အလက်တွေကို ပြင်ဆင်ဖော်ပြပေးပါလို့ မိသားစုက မေတ္တာရပ်ခံထားပါတယ်။

အထက်ပါ သတင်းနဲ့ပတ်သက်ပြီး ULA/AA Spokesperson office ကို အာရက္ခတိုင်းမ်စ်သတင်းဌာနက ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည် ဖြေကြားခြင်းတော့ မရှိသေးပါဘူး။

Related posts

နတခမှာ AA နဲ့ PDF ၂၈ ဦး အလင်းဝင်တယ်ဆိုတဲ့ စစ်ကောင်စီမီဒီယာ ထုတ်ပြန်ချက်ကို ဒေသခံတွေ သံသယရှိ

စစ်မှုထမ်းဖို့ ရောက်လာတဲ့ အသက်မပြည့်သေးသူ ၂ ဦးကို AA က မိသားစုထံ ပြန်အပ်

ဂွမြို့နယ် ကမ်းသာယာကမ်းခြေမှာ ရေဆင်းကူးတဲ့ ဇနီးမောင်နှံအပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး