တရုတ်ပြောတဲ့ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စစ်ကောင်စီ မကြိုက်

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၆)

တိုင်းရင်းသားလူနည်းစုတွေအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံတွေရှာဖွေဖို့ ဆိုတဲ့ တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ပြောစကားအပေါ် စစ်ကောင်စီဘက်က လက်မခံနိုင်တာကြောင့် အမေရိကန်ကို လှမ်းဖက်တာ ဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှ ကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်ကထုတ်ပြန် ကြေညာခဲ့ပြီး အမေရိကန်အကျိုးစီးပွားကို ဦးတည်ကာ ၂၀၃၀ ခုနှစ်အထိ ချမှတ်ထားတဲ့ မဟာဗျူဟာလည်းဖြစ်ပါတယ်။

တရုတ်အနေနဲ့ စစ်ကောင်စီကိုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဖြန်ဖြေပေးသူဖြစ်တာကြောင့် နှစ်ဖက်စလုံးအတွက် ပြောဆိုရမှာဖြစ်ကြောင်း၊ စစ်ကောင်စီအနေနဲ့ တရုတ်ရဲ့ ဩဇာကို မခံနိုင်တာကြောင့် အမေရိကန်ကို လှမ်းဖက်တာဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှ ကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဘယ်ကြိုက်မလဲ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ကျော်လွန်တယ်လို့ သူတို့က ထင်တာ။ နောက်ပြီးတော့ သူတို့က အသံလွှင့်ထားတာ သူတို့စစ်တပ်ကိုပဲ တရုတ်က အားပေးပါတယ် ထောက်ခံပါတယ် လုပ်တာ။ ဒီဟာ ပြောလိုက်တဲ့အခါကြတော့ တရုတ်ဘက်ကလည်း ဒီလိုလေ တိုင်းရင်းသားတွေနဲ့ စစ်ကောင်စီကြားမှာ တော်တတ်ဖြောင့်မှန်တဲ့ ဖြန်ဖြေသူဆိုရင် သူက စစ်တပ်ကိုပြောသလို ဒီဘက်ကိုလည်း ပြောရမှာပဲလေ။ ဥပမာအားဖြင့် စစ်တပ်က နယ်တွေပြန်တောင်းတယ်။ နယ်တွေပြန်တောင်းတော့ သူတိုင်းရင်းသား ဟိုဒင်းတွေကို ခင်ဗျား ဒီနယ်တွေတော့ ဒီမြို့တွေတော့ ပြန်တောင်းတယ် ပေးလိုက်ပါပြောရင် တိုင်းရင်းသားတွေဘက်ကလည်း ခံသာအောင် ပြောရမှာပေါ့။ ဒါမှ သူပြောတာ လက်ခံမှာပေါ့။ တစ်ဖက်သတ်တည်းပဲပြောရင် ဘယ်သူကလက်ခံမှာလဲ။ စစ်တပ်က လက်မခံနိုင်လို့ အခု ပွက်ပွက်ရိုက်နေတာ။ အခုအမေရိကန်ကို လှမ်းဖက်တာကလည်း တရုတ်ပြောတာတွေကို လက်မခံနိုင်လို့။ တရုတ်ရဲ့ ဩဇာကို မခံနိုင်လို့ အမေရိကန်ကို လှမ်းဖက်တာ” လို့ သူက ပြောပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ဖက်စလုံးအနေနဲ့ သက်ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ တိုင်းရင်းသား လူနည်းစုတွေ အတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေကို ရှာဖွေဖို့နဲ့ ဆွေးနွေးပွဲတွေကနေတဆင့် သင့်တော်တဲ့ အဖြေတွေကို ရှာဖွေဖို့ မျှော်လင့်ပါတယ်လို့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်နေတဲ့ NCA ၁၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ပေးပို့တဲ့ ရုပ်သံသဝဏ်လွှာမှာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကိုးကန့်နဲ့ တအာင်းအဖွဲ့တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပေးထားချက်နဲ့ ပိုမိုရလိုတဲ့ သဘောထားနဲ့ စစ်ကောင်စီဘက်ကိုတောင်းဆိုနေတာနဲ့ ကြိုးပမ်းတာတွေ လုပ်နေကြပါတယ်။

တရုတ်နိုင်ငံဟာ ၁၀၂၇ စစ်ဆင်ရေးကာလကတည်းက ကူမင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးဆောင်ပြုလုပ်ပြီး ကြားဝင်စေ့စပ်ပေးခဲ့သူအဖြစ် ရပ်တည်ပေးနေသူဖြစ်ပြီး လားရှိုးနဲ့ မိုးကုတ် အပါအဝင် မိုးမိတ်ဒေသတွေကို စစ်တပ်ပြန်ရရေး ဖိအားပေးခဲ့ပါတယ်။

လက်ရှိအခင်းအကျင်းတွေအရ မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ တရုတ်နိုင်ငံရဲ့ စွက်ဖက်မှု ပိုမိုနက်ရှိုင်းလာနေတယ်လို့လည်း ထောက်ပြမှုတွေ ရှိပါတယ်။

Related posts

ကျောက်ထုကထွက်တဲ့ စစ်ကြောင်း ရွှေအောင်သာရွာအတွင်း ဝင်ရောက်၊ လမ်းမှာ မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ခန့်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရ

ပြန်ရောက်လာတဲ့ တပ်မ ၆၆ စစ်ကြောင်းတွေမှာ အင်အား ၈၀ ခန့်ပဲ ကျန်တယ်လို့ CDM ဗိုလ်ကြီးပြော

ဘင်္ဂလားပင်လယ်အော်က မိုးလေဝသကြောင့် နိုဝင်ဘာလ ၁၆ မှ ၁၉ ရက်အတွင်း ရက္ခိုင်ကမ်းလွန်မှာ လေပြင်း၊ လှိုင်းကြီးနိုင်