အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ပန်းထော်ကျွန်းရှိ ရပ်ရွာအချို့က ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၅ ရက်မှာ ကွင်းဆင်းပြီး အခမဲ့ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကွင်းဆင်းကုသမှုမှာ အထွေထွေရောဂါတွေ စမ်းသပ်ကုသတာ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးတာ၊ တီဘီရောဂါရှာဖွေစစ်ဆေးတာ (Active Case Finding) တွေကို ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီအတွက် ဒေသခံလူနာ စုစုပေါင်း ၂၈၀ ဦးကို စမ်းသပ်ကုသပေးနိုင်ခဲ့ပြီး လူနာတွေထဲက တီဘီရောဂါ သလိပ်ပိုးရှိသူ ၁ ဦးကို တွေ့ရှိခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနထံမှ သိရပါတယ်။
ဒါ့အပြင် သွားနဲ့ခံတွင်းရောဂါကုသတာ၊ ကာကွယ်ဆေးထိုးနှံပေးတာ၊ ကလေးနဲ့မိခင်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မျက်စိခွဲစိတ်ကုသပေးတဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။