အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၆)
နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်အထိ တစ်ပတ်အတွင်း တစ်နိုင်ငံလုံးမှာ စစ်ရေးလှုပ်ရှားမှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ဒေသက ရက္ခိုင်ပြည်ဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ (Nyan Lynn Thit Analytica – NLTA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီတစ်ပတ်အတွင်း တစ်နိုင်ငံလုံးမှာ စစ်ရေးလှုပ်ရှားမှု အနည်းဆုံး ၆၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ရက္ခိုင်ပြည်မှာ ၁၈ ခုနဲ့ အများဆုံးဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၀ ကြိမ်ထဲမှာလည်း ရက္ခိုင်ပြည်က ၁၁ ကြိမ်နဲ့ အများဆုံး တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးက အရပ်သား ထိခိုက်ခံရမှု ဖြစ်စဉ် ၁၀၄ ကြိမ်အတွင်း အရပ်သား ၆၀ ဦး သေဆုံးပြီး ၁၄၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ရက္ခိုင်ပြည်မှာ အရပ်သား ၁၆ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရတာနဲ့ ထိခိုက်သေဆုံးမှု အများဆုံးပြည် ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၃ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သား ၁၂ ဦး သေပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်မှာလည်း သံတွဲမြို့နယ်က ကျေးရွာတစ်ရွာကို လေကြောင်းက တိုက်ခိုက်ခံရလို့ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။
ရက္ခိုင်ပြည်နဲ့ ဆက်စပ်နေတဲ့ ပလက်ဝမြို့နယ်က ကျေးရွာတစ်ရွာကိုလည်း နိုဝင်ဘာလ ၁၇ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။