ရက္ခိုင်ပြည်ရဲ့ လက်ရှိအဓိကအာဏာပိုင် ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ SCEF ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၂ နိုဝင်ဘာ ၂၀၂၆)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ICJ စီရင်ချက်အပေါ် ရက္ခိုင်ပြည်မှာ လက်ရှိအဓိကအာဏာပိုင်အဖြစ် ရပ်တည်နေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် ရက္ခိုင်ပြည်ရှိ သက်ဆိုင်သူအားလုံး၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အဖြေရှာရေး လုပ်ငန်းစဉ်တွေကို အတူတကွ ဖော်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရက္ခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာအုပ်စုအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ICJ စီရင်ဆုံးဖြတ်ချက်ကို SCEF က အလေးအနက်ထားပြီး ဒီစီရင်ချက်ဟာ နိုင်ငံတကာတရားစီရင်ရေးမှာ သမိုင်းဝင်မှတ်တိုင်တစ်ရပ်လို့ ရှုမြင်တယ်လို့ ဆိုပါတယ်။

SCEF က နိုင်ငံတကာဥပဒေကို ပြင်းထန်စွာချိုးဖောက်ကျူးလွန်မှုအားလုံးအတွက် ကျူးလွန်သူတွေဟာ မည်သည့်အဖွဲ့အစည်းနဲ့ ဆက်နွယ်မှုရှိသည်ဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ တောင်းဆိုပါတယ်။

အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ၊ အတင်းအကျပ် နေရပ်စွန့်ခွာစေတာ၊ အတင်းအကျပ် စစ်မှုထမ်းစေတာ၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အကြမ်းဖက်မှုကို လှုံ့ဆော်တာနဲ့ အမုန်းစကားဖြန့်ဝေတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့လည်း ဆိုပါတယ်။

SCEF က မြန်မာစစ်တပ်က နိုင်ငံတစ်ဝန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ယနေ့တိုင် ဆက်လက် ကျူးလွန်လျက်ရှိတယ်လို့ ဆိုပြီး မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအပါအဝင် အဓိကတာဝန်ရှိသူတွေကို အကာအကွယ်ပေးတာ၊ ၎င်းတို့ရဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးတာ မပြုဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။

အလားတူရာဇဝတ်မှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ယုံကြည်စိတ်ချရတဲ့ အာမခံချက်တွေ လိုအပ်ပြီး နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာဖွဲ့စည်းပုံတွေ အသွင်ပြောင်းလဲရေးနဲ့ စစ်တပ်အပေါ် အရပ်သားအုပ်ချုပ်မှု ထူထောင်ရေး လိုအပ်တယ်လို့ SCEF က ဆိုပါတယ်။

Related posts

ICJ စီရင်ချက်အပေါ် စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့ တုံ့ပြန်ချက်ကို ထောက်ခံတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ပြော

ဝီရဌာနီက နန်းတက်ကျွန်းရွာကို ဗုံးကြဲလို့ ကလေးငယ်အပါ ၄ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

ပလက်ဝမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးပေး