လောင်တလိုင်-ပလက်ဝ လမ်းပိုင်း ပြန်ဖွင့်

အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၆)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းက ကုလားတန် ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) လမ်းပိုင်း (လောင်တလိုင်-ပလက်ဝ လမ်း) ကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Central Young Lai Association (CYLA) နဲ့ လောင်တလိုင်ခရိုင်မြေပိုင်ရှင်များအသင်း (Lawngtlai District Land Owner Association) တို့က ပူးတွဲ ကြေညာလိုက်ပါတယ်။

ကုလားတန်စီမံကိန်းလမ်း ဖောက်လုပ်စဉ် မြေယာဆုံးရှုံးခဲ့ရတဲ့ မြေပိုင်ရှင် ၁၃၈ ဦးဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB) နဲ့ ဂူဝါဟာတီတရားလွှတ်တော် (Guwahati High Court) တို့ရဲ့ ညွှန်ကြားချက်အတိုင်း လျော်ကြေးငွေ မရရှိသေးတာကြောင့် ဒီလမ်းပိုင်းကို နိုဝင်ဘာလ ၁၅ ရက်ကစပြီး ပိတ်ဆို့ ဆန္ဒပြခဲ့တာလို့ သိရပါတယ်။

ဒါပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရ၊ မြေယာအခွန်နဲ့ ကြေးတိုင်ဌာန အတွင်းဝန်နဲ့ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး (Deputy Commissioner) တို့ ဦးဆောင်တဲ့ ညှိနှိုင်းရေးကော်မတီရဲ့ မေတ္တာရပ်ခံချက်အရ ပြည်သူအများ သွားလာရေး အဆင်ပြေစေဖို့အတွက် လမ်းကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ညှိနှိုင်းရေးကော်မတီက မြေပိုင်ရှင်တွေ လျော်ကြေးငွေ ရရှိရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက် ရှိတာကြောင့် အသင်းအဖွဲ့တွေအနေနဲ့ ဒီဇင်ဘာလ ၂၀ ရက်အထိ စောင့်ဆိုင်းဖို့ သဘောတူခဲ့ပြီး ကော်မတီအနေနဲ့ လုပ်ငန်းစဉ်တွေကို ပိုမို မြန်ဆန်စွာ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားတယ်လို့ သိရတယ်။

အဖွဲ့အစည်းနှစ်ခုက လမ်းပိတ်ဆို့ထားတဲ့ ကာလအတွင်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရသူအားလုံးကို တောင်းပန်ကြောင်းနဲ့ မြေပိုင်ရှင်တွေရဲ့ အခက်အခဲကို နားလည်စာနာပြီး ထောက်ခံ အားပေးခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ဆိုပါတယ်။

ဒီလမ်းဟာ ကုလားတန်စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး စီမံကိန်းအရ မီဇိုရမ်ပြည်နယ် လောင်တလိုင်ကနေ ပလက်ဝကို ချိတ်ဆက်၊ ပလက်ဝကနေ ကုလားတန်မြစ်ကတစ်ဆင့် ရက္ခိုင်ပြည်ရဲ့ စစ်တွေဆိပ်ကမ်းကို ဆက်သွယ်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

Related posts

ပဇီရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး တချို့ကို AA ဖမ်းမိ

မြောက်ဦးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံး

ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်က ကွန်ပျူတာနဲ့ ကျောင်းဆောင်သစ်အတွက် ပညာရေးရန်ပုံငွေ ကံစမ်းမဲလက်မှတ် ရောင်းမယ်