အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီကနေ့ည ၈ နာရီ ၂ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်က ရဲမနိုင်စုမှာ ဒီကနေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အရပ်သား သေဆုံးသ ၉ ဦးအထိ ရှိလာနေပြီလို့ သိရပါတယ်။
ဒီကနေ့ (နိုဝင်ဘာ ၂၈ ရက်) ညနေ ၄ နာရီ ၅ မိနစ်ဝန်းကျင်မှာ မြို့သစ်ရပ်ကွက်၊ ရဲမနိုင်စုအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ရဲမနိုင်စုဟာ အရပ်သားတွေ နေထိုင်ရာ လူနေရပ်ကွက်တစ်ခုဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
သေဆုံးသူများရဲ့ အမည်၊ အသက်နဲ့ တခြားအသေးစိတ် အချက်အလက်များကိုတော့ အာရက္ခတိုင်းမ်စ်က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး အတည်ပြုနိုင်တဲ့ အချက်အလက်များ ရရှိပါက ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။