အာရက္ခတိုင်းမ်စ် (၆ ဇွန်လ ၂၀၂၅)
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ‘ဝ’ တပ်ဖွဲ့ကို မူးယစ်ဆေးဝါး စစ်ပွဲကြေညာလိုက်ပေမယ့် တကယ့်လက်တွေ့မှာတော့ မတိုက်နိုင်ဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
‘ဝ’ ဒေသမှာ မူးယစ်ဆေး အဓိကထုတ်လုပ်နေပြီး စစ်ကောင်စီအနေနဲ့ မဖြေရှင်းနိုင်ပါက ထိုင်းအနေနဲ့ ကိုယ့်ဘာသာ ဝင်ရောက်နှိမ်နင်းဖို့ တောင်းဆိုရမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်က ထိုင်းမူးယစ်ဆေးဝါး ကာကွယ်ရေးနဲ့နှိမ်နင်းရေးကော်မတီမှာ မေလ ၂၇ ရက်က ပြောလိုက်တာဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းပေမယ့် မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ကို ပူးပေါင်းဖို့ အချိန်တန်ပြီလို့ သူကပြောပါတယ်။
ဒါ့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်တာဟာ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် သူတို့အတွက် ရန်သူဖြစ်ကြောင်း၊ မြန်မာဘက်က မနှိမ်နင်းနိုင်ရင် ထိုင်းမှာ နှိမ်နင်းနိုင်တဲ့ နည်းလမ်းတွေ ရှိကြောင်း ပြောဆိုခဲ့တာပါ။
နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ သက်ဆင်အနေနဲ့ ဝ ကို အမှန်တကယ် မတိုက်ရဲသလို တိုက်လည်း မတိုက်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ဝ တွေ မူးယစ်ဆေးဝါးလုပ်တယ်ဆိုတာ အစောပိုင်းကတော့ ဟုတ်တယ်။ နောက်ပိုင်းကြတော့ ကုလသမဂ္ဂရော တရုတ်ရော အများကြီးဖိအားပေးလို့ တော်တော်လျှော့လာတာပေါ့ လုံးဝတော့ ပြတ်တယ်မထင်ပါဘူး။ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြီးကို ဝင်တိုက်လောက်အောင် လုပ်စရာလိုရဲ့လားမသိဘူး။ ကျမကြည့်တာတော့ နိုင်ငံရေးအရ သူလုပ်တာထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ထိုင်း-ဗမာနယ်စပ်မှာ ဆေးဝါးကိစ္စတွေ ဖြစ်ရင်လည်း သူတို့ထိုင်းရဲတွေ အများကြီးပါနေတာပဲ။ ဒါကြောင့် သူ့နိုင်ငံရဲ့ အဂတိလိုက်စားကိစ္စတွေကို အရင်ရှင်းရမှာပေါ့။ ဝ ကို လာခြိမ်းခြောက်မယ့်အစား။ ကျမကြည့်တာတော့ သက်ဆင်က နိုင်ငံရေးသမားလည်း ဖြစ်တော့ သူ့ပြည်တွင်းက ပြဿနာတွေအပေါ် အာရုံလွဲအောင် လုပ်တယ်လို့ထင်တယ်။ ဝ ကိုသူ မတိုက်နိုင်ပါဘူး။ တိုက်လည်း မတိုက်ရဲပါဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ ဝ တပ်ဖွဲ့နဲ့ ထိုင်းတို့အကြား နယ်မြေအငြင်းပွားမှုပြဿနာဟာ အရင်ကတည်းက ရှိနေခဲ့ကြခြင်းဖြစ်ပြီး နှစ်ဖက်အကြား အဆင်မပြေမှုတွေဟာလည်း ရှိခဲ့ကြတာပါ။
ဝ အနေနဲ့ မူးယစ်ဆေးဝါးတွေကို ဆက်ပြီး ထုတ်လုပ်နေမယ်ဆိုရင် ထိုင်းရဲ့ ရန်သူပဲဖြစ်တာကြောင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ သူ့ကို ပါဝင်ခွင့်ပေးဖို့ ဝန်ကြီးချုပ်ကို ခွင့်တောင်းတယ်လို့ ပြောဆိုထားပါတယ်။
အခုလို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုနေချိန်မှာ ဝ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်သားသစ်တွေရဲ့ စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရပါတယ်။
နိုင်ငံရေးသမားက နိုင်ငံရေးစကားပြောမှာဖြစ်ပြီး တိုက်ခိုက်တာဟာ စစ်ရေးသမားတွေ လုပ်ရမယ့် အရာဖြစ် ကြောင်း၊ ကိုယ့်နယ်စပ်ကိုယ် လုံခြုံအောင်လုပ်ပြီး ဝင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ရအောင်ပိတ်နိုင်တာ ကလည်း တိုက်တာပဲဖြစ်ကြောင်း NCA ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/ NCA-S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
ဒါ့ကြောင့် ဗမာပြည်နယ်နိမိတ်ကို ကျူးကျော်ပြီး လုပ်စရာဘာအကြောင်းမှ မရှိဘူးလို့လည်း သူက ပြောပါတယ်။
“ဒါ နိုင်ငံတကာဥပဒေအရလည်း ခွင့်ပြုမှာမဟုတ်ဘူး။ ဝ ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်လေ နေတာက international ဘောင်တွေရဲ့ ဟိုဘက် ဒီဘက်ဖြစ်နေပြီ။ international ဘောင်တွေကို ကျော်ပြီးတော့တော့ မလုပ်ပါဘူး။ အရင်တုန်းက international ဘောင်တွေကို ကျော်လုပ်တာတွေက အမေရိကန်ရှိတယ်။ ဒါပေမယ့် အမေရိကန်ကလည်း ပါးပါးနပ်နပ်နဲ့ လုပ်တဲ့ဟာတွေ ရှိတာပေါ့။ အခုသူက အဲဒီလို ပြောတော့ international ဘောင်တွေကို ကျော်ဖို့ ကိစ္စကလည်း သိပ်တော့မလွယ်ဘူးပေါ့။ အမေရိကန်လို တိုင်းပြည်ကြီးတွေတောင်မှ သိုသိုသိပ်သိပ် လုပ်ရတဲ့ကိစ္စဖြစ်တာကို။ အခုသူ့မှာက ပြည်တွင်းမှာတောင် ညီညီညွတ်ညွတ်နဲ့ ရှိတာလည်းမဟုတ်ဆိုတော့ အပြောနဲ့ ခြိမ်းခြောက်တဲ့ သဘောလို့ပဲ ကျနော်ယူဆပါတယ်။ ဝ ကလည်း ဒါကို နားလည်ပါလိမ့်မယ် ကြည့်ရတာတော့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၃ ခုနှစ်ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ ကြေညာခဲ့ဖူးပြီး အဲဒီ စ်ဆင်ရေး အတွင်း ဥပဒေမဲ့သတ်ဖြတ်မှု ၂၈၀၀ ကျော်ရှိခဲ့တယ်လို့လည်း ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
1 Comment
Discover the thrill of real-money live casino action at real money live casino, where you can enjoy live dealers, top software providers, and exclusive promotions.
The platform promotes responsible use and ensures fair play within its services.