အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅)
မြိုလူငယ်တွေအနေနဲ့ အာရက္ခတပ်ပြည်သူကနေ ပေါက်ဖွားလာတဲ့ အာရက္ခတပ်တော် AA နဲ့ အတူလက်တွဲပြီး အစွန်းရောက် ဂျီဟတ်ဝါဒီတွေကို အာရက္ခဒေသကနေ ပြတ်ပြတ်သားသား တွန်းလှန်တိုက်ထုတ်ဖို့ ရက္ခိုင်ကျောင်းသားသမဂ္ဂက တိုက်တွန်းထားပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ မြိုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအသင်း (MUSA) ရဲ့ ၁၃ ပြည့် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းတိုက်တွန်းထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဘူးသီးတောင်နဲ့ မောင်တောဒေသအတွင်းမှာရှိတဲ့ အကြမ်းဖက်ဂျီဟတ်ဝါဒီတွေဖြစ်တဲ့ ARSA၊ RSO၊ RSA၊ ARA လက်နက်ကိုင်အဖွဲ့တွေက အာရက္ခဒေသမှာရှိတဲ့ မြိုလူမျိုးတွေအပါအဝင် အာရက္ခလူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဥ်တွဲနေထိုင်လိုတဲ့ မူဆလင်တွေအပါအဝင် သူတို့နဲ့ ဘာသာမတူ၊ လူမျိုးမတူတဲ့ အာရက္ခလူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်တွေကို ထောက်ခံအားပေးနေကြတဲ့ နိုင်ငံတကာရောက် ရိုဟင်ဂျာအမည်ခံ လုပ်စားနိုင်ငံရေးသမားတွေရဲ့ တစ်ဖက်သတ် နှုတ်ဆိတ်နေတဲ့အပေါ် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂအနေနဲ့လည်း ကန့်ကွက်ရှုတ်ချတယ်လို့ ပြောထားပါတယ်။
အာရက္ခတိုင်းပြည် တည်ဆောက်ရေးမှာလည်း မြိုကျောင်းသားလူငယ်တွေ ပါဝင်ပြီး မြိုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအသင်း (MUSA) အနေနဲ့ ခေတ်သစ်အနာဂတ် အာရက္ခတိုင်းပြည်မှာ မြိုလူမျိုးတွေရဲ့ အခွင့်အရေး၊ စာပေယဥ်ကျေးမှုအခန်းကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သာဘာစကား၊ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာဝတ်စားဆင်ယင်ပုံတွေနဲ့ အမျိုးသားရည်မှန်းချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အချိန်မှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့လည်း ပါဝင်ကူညီမှာ ဖြစ်တယ်လို့ သဝဏ်လွှာမှာ ကတိပြု ဖော်ပြထားပါတယ်။