(အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ -၁၃)
****
(ဌေးဝင်း)
လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းတဲ့ စစ်တွေမြို့က အမှတ် ၁၀ စစ်ထောက်လှမ်းရေးရဲ့ ငရဲခန်းအတွင်းမှာ အရက်စက်ဆုံး စစ်ကြောရေး နေ့ရက်များကို ကျော်ဖြတ်ပြီးနောက် ငါဟာ ရဲစခန်းကို ရောက်သွားတယ်။ လူအများက စိုးရွံ့ထိတ်လန့်တတ်ကြတဲ့ ရဲစခန်းကို ရောက်သွားချိန်မှာ ငါ့အတွက်ကတော့ ငရဲပြည်ကနေ ရုတ်တရက် လွတ်မြောက်သွားသလို ခံစားရတယ်။ မင်းဆိုးမင်းညစ် စစ်အာဏာရှင် အလိုကျ သခင်အားရ ကျွန်းပါးဝနေကြတဲ့ အာဏာပါးကွက်သားတွေရဲ့ ငရဲခန်းက အသက်မသေဘဲ ငါ ပြန်လွတ်လာပြီ မဟုတ်လား။
ရဲစခန်းကို ရောက်တဲ့အခါ ငါ့ကို ဖမ်းတုန်းက ပါခဲ့တဲ့ ရဲတပ်ကြပ်ကြီး ကျော်ညွန့်က ထောက်လှမ်းရေးတွေ ရှေ့မှာဘဲ
“ဟေ့.. ငါတို့ ဖမ်းတုန်းက ဒီကောင် ဒီလို မဟုတ်ဘူး။ တော်တော် လုပ်ပစ်လိုက်ကြတာဘဲ။ ရက်ရက်စက်စက်ကို လုပ်ပစ်လိုက်ကြတာဘဲ။ ဒီကောင်လေးကို ဖမ်းတုန်းက ငါလည်း ပါတာဘဲလေ။ အဲဒီတုန်းက ဒီကောင်က ဒီရုပ် မဟုတ်ဘူး။ ခုတော့ မှတ်တောင် မမှတ်မိလောက်အောင် စုတ်ပြတ်သွားတာဘဲ”
လို့ အဲဒီ ရဲတပ်ကြပ်ကြီးက တအံ့တဩ သူ့ပါးစပ်က ရေရွတ်သံကို ငါကြားလိုက်ရတယ်။ ထောက်လှမ်းရေး တွေ ပြန်သွားပြီးနောက် ငါက
“စခန်းမှူး ခင်ဗျာ။ ကျနော့ကို ဆေးရုံမှာ ဆေးကုသခွင့် ပေးပါ ခင်ဗျာ”
လို့ တောင်းဆိုကြည့်တယ်။
သူက
“ခဏနေဦး.. ငါ ကြိုးစားပြီး စီစဉ်ပေးမယ်လို့”
ဆိုတယ်။ ပြီးတော့ ငါ့ကို အချုပ်ခန်းထဲ ထည့်ထားလိုက်တယ်။
အဲဒီ အချုပ်ခန်းထဲမှာ ငါ့မိတ်ဆွေ မင်းဇော် ရှိတယ်။ ငါနဲ့ ရင်းနှီးသူ တယောက်ပေါ့။ သူက ရက္ခိုင်ကျောင်းသား ဒုတိယ ဥက္ကဌ လုပ်ခဲ့တဲ့သူ။ သူက အဲဒီ အချုပ်ခန်းမှာ အခန်းလူကြီး ဖြစ်နေတယ်။ သူလည်း စာရွက်စာတမ်း ကိစ္စတွေနဲ့ အဖမ်းခံထားရတာ။ သူဟာ ငါ့ကို အစစအရာရာ လိုအပ်တာတွေကို အကူအညီ ပေးတယ်။ အခြားလူတွေကလည်း ငါ့ကို ကရုဏာသက်ပြီး နှိပ်ပေးသူက နှိပ်ပေးနဲ့ ပြုစုပေးကြတယ်။
နောက်တနေ့မှာ ငါက ထပ်ပြီးတော့ ရဲအရာရှိ ဒုရဲအုပ် ကျော်သန်းကို
“ကျနော့ ဆေးရုံကို သွားပြချင်တယ်”
လို့ တင်ပြတော့ သူက
“ငါ အမြန်ဆုံး ဖြစ်အောင် စီစဉ်ပေးမယ်”
လို့ ပြောတယ်။
ပြီး နောက်တနာရီခန့်အကြာမှာ ငါ့ကို ဆေးရုံကို လိုက်ပို့ပေးတယ်။ အစောင့်အဖြစ် ရဲတပ်သားတယောက် ပါလာတယ်။ အဲဒီ ရဲသားနဲ့ ငါဟာ ဆိုက်ကားတစ်စီးနဲ့ ဆေးရုံကို အတူတူ စီးပြီး သွားခဲ့ကြတယ်။ ဆေးရုံရောက်တော့ အဲဒီရဲက ငါ့ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မြင်ပြီး တော်တော် စိတ်မကောင်း ဖြစ်သွားပုံရပြီး အနီးအနား ဘေးဘယ် ညာကြည့်ကာ တိုးတိုးလေးပြောတယ်. သူက ဘာပြောသလဲဆိုရင်
“မင်း ဒီနေရောက ထွက်ပြေးလို့ လွတ်နိုင်မယ် ထင်ရင် ပြေး။ ပြေးလို့ ရရင် ပြေး။ ငါ ပြုတ်ချင်ရင် ပြုတ်ပါစေ။ တကယ်လို့ မင်းတို့ အဆင်ပြေရင်တော့ ငါ့ကို နည်းနည်းပါးပါး ပြန်ကြည့်ပေါ့။ အဆင်မပြေရင်လည်း အရေး မကြီး”
လို့ ပြောတယ်။ ဒါဟာ မယုံနိုင်စရာပါဘဲ။ ဒါပေမယ့် ငါ သိလိုက်ရတာက အာဏာရှင်ရဲ့ အဝိုင်းအဝန်းထဲမှာလည်း ငါတို့လို တော်လှန်ရေးသမား နိုင်ငံရေးသမားတွေကို တိတ်တဆိတ် ရင်ထဲက ထောက်ခံနေသူ အားပေးနေသူတွေ ရှိနေတယ် ဆိုတာကိုလေ။ ဒါကြောင့် ငါက
“အေးပါ အကို။ အခြေအနေကြည့်ပြီး လှုပ်ရှားတာပေါ့။ ငါ ကြံစည်ကြည့်မယ်”
လို့ ပြန်ဖြေလိုက်တယ်။
ခဏနေ ဆရာဝန်နဲ့ သွားတွေ့ရတယ်။ ငါက ဒါဏ်ရာရလာတဲ့ အခြေအနေနဲ့ အကျိုးအကြောင်း အလုံးစုံကို ဆရာဝန်ကို ပြောပြလိုက်တယ်။ ဆရာဝန်က အတွင်းလူနာအဖြစ် ကုသဖို့ မှတ်ချက်ပေးတယ်။ ဒါပေမဲ့ ရဲစခန်းက တာဝန်ရှိသူတွေက ငါ့ကို အတွင်းလူနာအဖြစ် ကုသခွင့် မပြုဘူး။ အပြင်လူနာအဖြစ်သာ သူတို့က ငါ့ကို ခွင့်ပြုလို့ ရတယ်ဆိုလို့ ငါ ဆေးရုံတက်ခွင့် မရဘူး။ ဒါကြောင့် ရဲစခန်း အချုပ်ခန်းထဲ ပြန်လိုက်သွားရတယ်။ ဆေးရုံက ငါ့ကို သောက်ဆေးနဲ့ လိမ်းဆေးတွေ ပေးလိုက်တယ်။
နောက်တနေ့မှာ ရဲအချုပ်ခန်းကနေ တရားရုံးမှာ အမှုဖွင့်ဖို့အတွက် တရားရုံးက အချုပ်ခန်းကို ပို့တယ်။ တရားရုံးက အချုပ်ခန်းကို ရောက်လို့ ခဏအကြာမှာ ထောင်ကလာပို့တဲ့ အချုပ်သားတွေ ရောက်လာတော့ အဲဒီထဲမှာ ရှစ်ဆယ့်ရှစ် အရေးခင်းကာလက ထောက်လှမ်းရေး သုံးယောက်ကို သတ်မှုနဲ့ အဖမ်းခံနေကြရတဲ့ ၁၇ ယောက် အဖွဲ့လည်း ပါလာကြတယ်။
အဲဒီအဖွဲ့ထဲက ငါ့ရဲ့ အသိ မိတ်ဆွေတွေဖြစ်ကြတဲ့ ကိုမောင်လှဖြူ။ သိန်းအောင်ကျော်။ ကိုညီလေး။ ကိုမောင်ချေတို့ဟာ ငါ့ကိုတွေ့တော့ ဝိုင်းလာကြပြီး သတင်းမေးကြတယ်။ အားပေးစကား ပြောကြတယ်။ ထောင်ကိုရောက်ရင် သူတို့ အတတ်နိုင်ဆုံး အကူညီပေးမယ်။ ရဲစခန်းမှာ ငါ ရောက်နေတာကို သူတို့ သတင်းရတယ်။ ငါ တော်တော် နှိတ်စက်ခံရတယ် ဆိုတာလည်း သူတို့ ကြားသိရတယ် တဲ့။ သူတို့လည်း တော်တော် ခံခဲ့ရတယ် ဆိုပြီး ငါ့ကို ပြောကြတယ်။
နေ့လည် တနာရီလောက်မှာ တရားရုံးကို ရဲအစောင့် နှစ်ယောက်နဲ့ ငါ့ကို ခေါ်ထုတ်သွားတယ်။ တရားရုံးကို ရောက်တော့ ဒုရဲအုပ် အောင်ကျော်ဦးက တရားလိုလုပ်ပြီး ၁၇/၁ ။ ၁၇/၂ ပုဒ်မတွေနဲ့ အမှတ် (၂) မြို့နယ် တရားရုံး စစ်တွေမြို့နယ် တရားသူကြီး ဦးစိန်သာထွန်း (ဓူဝံ) ဆီမှာ တရားစွဲ အမှု ဖွင့်တယ်။
ငါ့ဘက်က ရှေ့နေကြီး ဦးဖိုးကျော်သန်း ရှေ့နေ ဒေါ်အေးနုစိန် လိုက်ပေးတယ်။ သူတို့ နှစ်ယောက်ဟာ ငါ့အတွက် အမှုပြီးသည်ထိ အခမဲ့ လိုက်ပေးတယ်။ အမှုက နှစ်နှစ်နီးပါး ကြာတယ်။ သူတို့ စရိတ်နဲ့ သူတို့ လိုက်ပေးကြတယ်။ သူတို့ဟာ ဆိုက်ကားခကိုလည်း သူတို့ဘာသာ သူတို့ ပေးပြီး လာပေးကြတယ်။ ငွေကြေး တပြားတချပ်မှ မယူဘဲ ငါ့အမှုကို လိုက်ပေးခဲ့ကြတယ်။ သူတို့တွေကို ငါ အရမ်း ကျေးဇူးတင်တယ်။ သူတို့တွေဟာ ငါ့ကို အမျိုးသားရေး စိတ်ဓာတ်နဲ့ လုပ်ဆောင်ပေးခဲ့ကြတယ်ဆိုတာ ငါ နားလည်တယ်။
ငါ့ကို တရားစွဲ အမှုဖွင့်ပြီးနောက် ထောင်ကိုပို့တဲ့အခါ ထောင်ဆရာဝန်က လက်မခံ။ ငါ့မှာ ဒဏ်ရာဒဏ်ချက်တွေက များလွန်းနေလို့။ ဒီဒဏ်ရာတွေ သက်သာ ပျောက်ကင်းသွားမှ လက်ခံမယ်ဆိုလို့ ငါ့ကို ရဲစခန်းက အချုပ်ကားနဲ့ဘဲ အမှတ် (၂) ရဲစခန်းအချုပ်ကို ပြန်ပို့ကြတယ်။
ငါ ရဲစခန်း အချုပ်ထဲ နေနေရစဉ် တနေ့မှာ ထောက်လှမ်းရေးက စိန်ဝင်းဟာ ရဲစခန်းကို လာတယ်။ သူဟာ စခန်းဝင်းကို ပတ်ပြီး ကြည့်ရင်း ငါ့ကို မြင်တာနဲ့
“ဟေ့ကောင် သူပုန်။ မင်း မိုက်လား။ မင်း မိုက်တယ်ဆိုရင် ငါနဲ့ တဗွေချင်း ဆွဲမလား”
ဆိုပြီး စိန်ခေါ်တယ်။ ငါကလည်း
“ချမယ်”
လို့ ပြန်ပြောလိုက်တော့ သူဟာ မျက်စိမျက်နှာ ပျက်သွားတယ်။ သူက ရဲတယောက်ကို
“တံခါး ဖွင့်ပေးလိုက်ကွာ ။ တံခါး ဖွင့်ပေးလိုက်”
ဆိုတော့ ငါလည်း တံခါးနားကို ကပ်သွားတော့ သူဟာ မျက်နှာ မချိုမချဉ်နဲ့ ပြန်လှည့်သွားတယ်။
ငါဟာ ဒေါသလည်း တအား ထွက်နေတယ်။ လက်ကလည်း ကောင်းကောင်း မလှုပ်နိုင်သေးဘူး။ အချုပ်ခန်းထဲက လူကို ဒီလို စိန်ခေါ်တာတော့ ဘယ်ကောင်းမလဲ။ ငါ့စိတ်ထဲမှာ ဖြစ်ချင်ရာ ဖြစ်စေတော့ဆိုပြီး ချမယ်လို့ ပြန်ပြောလိုက်တာ။ သူက မျက်စေ့ နောက်နောက်နဲ့ ကြည့်ကာ မကြေမနပ် ပုံစံနဲ့ လှည့်ထွက်သွားတယ်။
“ဟေ့ကောင် ရမ်ဘို။ သူပုန် ရမ်ဘို။ မင်း မှတ်ပြီလား။ ရက္ခိုင်သွေး ကျန်သေးလား” လို့ ဆိုပြီး သူ ငါ့ကို သရော်သလိုလို ကဲ့ရဲ့သလိုလို လုပ်ခဲ့ဖူးတာကို မခံနိုင်လို့ ပြန်ပြောလိုက်တာ။
သူတို့ ပြန်သွားတဲ့အချိန်မှာ ရက္ခိုင်ကျောင်းသား ဒုဥက္ကဌ မင်းဇော်က
“အကို့ကို ပြန်ခေါပြီး နှိပ်စက်နေဦးမယ်။ ဘာလို့ အဲဒီလို သွားပြောရတာလဲ”
ဆိုတော့ ငါက
“မခံနိုင်လွန်းလို့”
ဆိုပြီး ပြန်ပြောလိုက်တယ်။
ရဲစခန်းမှာတော့ ထောက်လှမ်းရေး ငရဲခန်းမှာနေတာနဲ့ နှိုင်းယှဉ်ကြည့်ရင် မိုးနဲ့မြေလို ကွာတယ်။ စိတ်ပိုင်းဆိုင်ရာကအစ အစားအသောက်တွေ။ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ရတာတွေ အစားအသောက်တွေ လိုလေသေးမရှိ လာပို့ပေးကြတာတွေကို ခံစားရတော့ တော်လှန်ရေးသမားတယောက်ကို ပြည်သူတွေထားတဲ့ တန်ဘိုးနဲ့ အသိအမှတ်ပြုတာတွေအတွက် ခွန်အားတခုကို အာဟာရတစ်ခုအဖြစ် ခံစားမိတယ်။
“ပီတိကိုစား အားရှိပါ၏” ဆိုတာ ဒါပဲဖြစ်မယ်။
ရဲစခန်းမှာ သုံးပတ်လောက်နေပြီး တရားရုံးကို နောက်တခေါက် ရုံးချိန်းတက်တဲ့နေ့မှာ ငါ့ကို စစ်တွေထောင်ကို နောက်တခေါက်ပို့တော့ ဒဏ်ရာတွေက နည်းနည်းကောင်းလာပြီဖြစ်လို့ ထင်တယ်။ ထောင်က ငါ့ကို လက်ခံလိုက်တယ်။
ထောင်ကိုရောက်တော့ ငါ့ကို အချုပ်ထောင်ရုံးခန်းမှာ တာဝန်ကျနေတဲ့ ကိုမောင်လှဖြူနဲ့ နောက်နှစ်ယောက် (အဲဒီနှစ်ယောက်ဟာ ၈၈ အရေးခင်းတုန်းက ဝင်္ကဘာကွင်းမှာ စစ်ထောက်လှမ်းရေး သုံးယောက်ကို သတ်မှုနဲ့ အဖမ်းခံထားရသူတွေထဲက အမှုတွဲတွေ) က သူတို့နဲ့အတူ ငါ့ကို အချုပ်ဆောင်မှာ ထားပေးဖို့ ထောင်မှူးကို ဝင်ပြောပေးကြတယ်။ ဒါပေမဲ့ ထောင်မှူးက လက်မခံဘူး။ ထောင်မှူးက ငါ့ကို တိုက် (၁) လို့ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ သေဒဏ်ပေးထားတဲ့ အကျဉ်းသားတွေကိုထားတဲ့ အဆောင်တွေရဲ့ ဘယ်ဘက်အဆုံး အခန်းနံပါတ် (၁၁) ကို ပို့လိုက်တယ်။
အခန်းရဲ့ ဘယ်ဘက် ၂၅ ပေလောက် အကွာမှာ ကြိုးပေးကွပ်မျက်တဲ့ ကြိုးစင်တခု ရှိတယ်။ ငါနေရတဲ့ အခန်းက ၁၀ ပေ ၈ ပေ ပတ်လည် အခန်း။ တံခါးပေါက်ကို သံချောင်းတွေနဲ့ ပြုလုပ်ထားတယ်။ ၃ လက်မလောက် ခြားပြီး အဲဒီ သံချောင်းတွေကို ဒေါင်လိုက် တပ်ထားတယ်။
အခင်းကတော့ ဝါးဖျာတချပ် ချထားတယ်။ အိမ်သာတက်ဖို့ ခုံတခုံ ရှိတယ်။ ချီးပါဖို့ ဂန်ဖလား တလုံးနဲ့ သေးပေါက်ဖို့ အင်ဒုံ တခု ရှိတယ်။ အဲဒီ အခန်းထဲကို ငါ့ကို သွင်းပြီး အခန်းကို သော့ခလောက် ခတ်ပြီးနောက် ထောင်မှူး ဦးကျော်မင်းက ထောင်တွင်း စည်းမျဉ်းစည်းကမ်းတွေကို အခန်းပြင်ကနေကာ အနည်းငယ်ပြောပြီး ပြန်သွားကြတယ်။
ခဏလောက်အကြာမှာ ထောင်တခုလုံး သံချောင်းခေါက်သံတွေ၊ ဝီစီမှုတ်သံတွေ တဒုံးဒုံးနဲ့ ပြေးလွှားသံတွေ ဆူညံသံ ထွက်လာပြီး ဒေါင်းကနဲ ဒုန်းကနဲနဲ့ တံခါးပိတ်သံများနှင့် တစ်ပြိုင်တည်း အခန်းတွင်း လူစစ်ဆေးတဲ့ အသံတွေ တခန်းပြီးတခန်း ဆက်တိုက် ကြားရပြီး အသံ တိတ်ဆိတ်သွားတယ်။
မိနစ် ၃၀ ခန့် အကြာမှာ သိလိုက်ရတာက ထောင်တွင်းထဲတွင် ထောင်ကျသား အချင်းချင်း လောင်းကစားရာမှ စူးဖြင့် ထိုးသွင်းမှု တခုဖြစ်တယ်လို့ သိရတယ်။ ခဏကြာတော့ အခန်းစောင့်တာဝန်ကျ ထောင်ဝါဒါက ပြောနေတာကို ကြားလိုက်ရတယ်။ သေသွားပြီတဲ့။
ငါ တော်တော် တုန်လှုပ် ခြောက်ခြားသွားတယ်။ ထောင်ကိုရောက်တာ နာရီပိုင်းဘဲ ကြာသေးတယ်။ ထောင်ထဲမှာ လူတယောက်ကို လူတယောက်က ထိုးသတ်လို့ရတဲ့ အခြေအနေတွေ ရှိနေပါလားဆိုတဲ့ အတွေးတွေနဲ့ တအံ့တဩနဲ့ ဟိုတွေး ဒီတွေး တွေးနေတုန်း။
အဲဒီ အချိန်မှာဘဲ အသားမဲမဲ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ အဖြူရောင် ထောင်ဝတ်စုံ အထက်အောက် ဝတ်ထားပြီး ခြေထောက်မှာ သံဒေါက်ခတ်ထားတဲ့ အကျဉ်းသားတယောက်ကို ထောင်ဝန်ထမ်း လေးယောက်က ဘေးနားက ဝန်းရံပြီး ခေါ်လာတာကို တွေ့ရတယ်။
အသားမဲတဲ့ အဲဒီ အကျဉ်းသားဟာ သူ့ရဲ့ လက်တွေ ရင်ဘတ်တွေမှာ ဆေးမှင်ကြောင်တွေ အပြည့် ထိုးထားတယ်။ ဒီသူကို ငါ့ရဲ့ ညာဘက်ဘေးနားက ကပ်ရက်အခန်းနံပါတ် (၁၀) မှာ လာထည့်သွားပြီး ဝန်ထမ်းတွေ ပြန်လစ်သွားကြတယ်။
နောက်ပိုင်းမှာ သိလိုက်ရတာက စူးနဲ့ ထိုးသတ်လိုက်သူက ထွန်းအောင်ကျော်တဲ့။ သေဆုံးသူက မောင်ကြီး (ခ) ဟာဘီ။ အဲဒီ မောင်ကြီးက ငါနဲ့ သူငယ်တန်းကနေ စတုတ္ထတန်းထိ ဆရာမ ဒေါ်အခိုင်ဆီမှာ အတူတူ ကျူရှင် တက်ဖူးတယ်။
နောက်ပိုင်းမှာလည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင်နဲ့ ငယ်ပေါင်းဖေါ် သူငယ်ချင်းတယောက် ဖြစ်တယ်။ စိတ်ကောင်းရှိသူ တယောက်ပါဘဲ။ သူ့မိသားစုနဲ့ ကိုယ့်ဆွေမျိုး မိသားစုတွေဟာ အချင်းချင်းလည်း ခင်မင်ကြတဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်ဆိုတော့ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။
ငါ ရောက်တတ်ရာရာ တွေးနေတုန်းမှာဘဲ ကိုမောင်လှဖြူနဲ့ ထောင်ဝန်ထမ်းတချို့ ငါ့အခန်းရှေ့က ဖြတ်သွားတော့ ငါ့ကို ကြည့်ကာ လက်မကို အောက်ချ ပြသွားတယ်။ သေသွားပြီဆိုတာကို အချက်ပြတာ ဖြစ်တယ်။
ညနေ ၅နာရီမှာ ထောင်ဝါတယောက် ပုံစံခွက်ထဲမှာ ထမင်းနဲ့ ဟင်းထည့်ပြီး သံတိုင်ကြားက ထိုးထည့်ပေးတယ်။ ငါက လက်နှစ်ဘက်ကိုပြပြီး ထမင်းကို တယောက်တည်း စားရတာ အဆင်မပြေဘူး။ လူ အကူ လိုတယ်။ ကူညီပေးပါလို့ ပြောလိုက်တယ်။
ခဏကြာတော့ တခါးလာဖွင့်ပေးပြီး ငါ့ကို အခန်းအပြင်ကို ခေါ်ထုတ်လာတယ်။ အပြင်မှာ ထမင်းစားဖို့ လူတစုက လုပ်နေကြတာကို တွေ့တယ်။ အဲဒီ လူအုပ်ထဲမှာ
(၁) စစ်တွေမြို့ သပိတ်ကော်မတီ ဥက္ကဌ ဦးအေးကျော်
(၂) ရက္ခိုင်ပြည် (NLD) ဥက္ကဌ ဦးသာကျော် (ခ) ဓပြုတ်သီး သာကျော်
(၃) စစ်တွေ သပိတ်ကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ဦးသာထွန်းအောင် (ခ) နွားသာထွန်းအောင်
(၄) ရက္ခိုင်ကျောင်းသား ဒုဥက္ကဌ မင်းဇော်
(၅) ထွန်းဝင်း (ထောက်လှမ်းရေး ၁၀ စစ်ကြောရေးတွင် တွေ့ခဲ့သူ) တို့ကို သွားတွေ့တယ်။
သူတို့ အားလုံးက ငါ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြတယ်။
ကိုမင်းဇော်က ငါ့လက်နှစ်ဘက် အခြေအနေနဲ့ ငါ ထမင်းစားတဲ့အခါ အခက်အခဲ ရှိတာကို ရဲစခန်းမှာကတည်းက သိထားတယ်။ သူကိုယ်တိုင် ကူညီပေးခဲ့ဘူးတာ ဆိုတော့ ချက်ချင်းဘဲ သူက
“ကိုကျော်ဟန် ထမင်းစားတဲ့အခါ ကျနော် ကူပေးမယ်။ ရတယ်”
လို့ ပြောတယ်။
ဦးသာထွန်းအောင်၊ ဦးအေးကျော်၊ ဦးသာကျော်တို့ကလည်း ငါတို့နဲ့ တဝိုင်းတည်း ထမင်း အတူတူ စားကြမယ်လို့ ပြောပြီး ထမင်း အတူတူ စားကြတယ်။
ညနေ အိပ်ရာဝင်တော့ အဲဒီနေ့ ထမင်းစားနေတုန်းမှာ တကယ့်ကို တော်လှန်ရေးအတွက် ခွန်အားဖြစ်စေတဲ့ ပြောစကားလုံးတွေ ကြားရတာတွေ။ အားပေး ဝိုင်းကူ ချီးကျူးကြခြင်းတွေနဲ့အတူ ထောင်ရောက်တဲ့နေ့မှာဘဲ စပြီး ကြုံတွေ့လိုက်ရတဲ့ စိုးရိမ်ထိတ်လန့် စိတ်မကောင်းစရာတွေ တသီကြီးနဲ့ သံတိုင်ကြားကနေ ရှေ့တည့်တည့်မှာ မြင်နေရတဲ့ ပေနှစ်ဆယ်လောက်မြင့်တဲ့ အုတ်တံတိုင်းနဲ့အတူ အခန်း ဘယ်ဘက် ပေနှစ်ဆယ်လောက် အကွာမှာ ရှိနေတဲ့ ကြိုးစင်တွေက ငါ့ရဲ့ တော်လှန်ရေးခရီးကို ခဏတာ ရပ်တန့်စေမှာလား။ နှစ်ရှည် ရပ်တန့်စေမှာလား။ ငါ ယုံကြည်ရာ တော်လှန်ရေးခရီးကို ဆက်လျှောက်နိုင်ဖို့ အရေးကြီးတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတခုဖြစ်တဲ့ ငါ့လက်ချောင်းတွေက ပြန်လှုပ်ရှားလာနိုင်အုံးမှာလား လား. . . လား.. လား… လား… ဆိုတဲ့ မပီဝိုးဝါး အတွေးများက ငါ့ကို ထွေးပွေ့ထားကြလေရဲ့။
6 Comment
характеристики проектора интернет-магазин проекторов
квартира 2025 купить жк светский лес
Играешь в казино? ап икс Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.
заклепки вытяжные st st заклепка вытяжная
Проверил что кракен анонимный маркетплейс шифрует все данные пользователей
дизайн комнат коттеджей дизайн проект коттеджа