အာရက္ခပြည်၏သစ်တောကဏ္ဍကို လှမ်းမျှော်ကြည့်ခြင်း

၂၀၂၆၊ ဧပြီ (၂၀) ရက်နေ့က သစ်တောကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ထုတ်ပြန် ကြေငြာချက်တခုကို တွေ့ရတယ်။ အစိုးရတရပ်အနေနဲ့ သိသင့်သိထိုက်တဲ့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျည်း စည်းကမ်းတွေကို အများပြည်သူသို့ အသိပေး ထုတ်ပြန်ချက်လေ့ရှိတာကတော့ သမရိုးကျ ဖြစ်စဉ်တရပ်ပဲ ဆိုရမှာပါ။ ဒါပေမယ့် စစ်ရေးစစ်ရာတွေ အလုံးစုံ မပြီးပြတ်သေးတဲ့ ခုလို အချိန်အခါမျိုးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုပါ မမေ့မလျော့ ယှဉ်တွဲလုပ်နိုင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဂါရဝပြုရမှာပဲ ဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သစ်ဝန်းစီဌာန (ယခင်အခေါ်သစ်တောဦးစီးဌာနဟု သတ်မှတ်နိုင်) ရဲ့ ထုတ်ပြန်ချက်ထဲမှာ အများပြည်သူဆိုင်ရာ သစ်ထုတ်လုပ် သုံးစွဲနိုင်ခွင့်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက် (၇) ချက်ကို ဖော်ပြပေးထားတာ တွေ့ရှိရပါတယ်။ သစ်တောဥပဒေအခန်း (၆)၊ ပုဒ်မ (၁၇) အရ အများပြည်သူတွေဟာ အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံး စတဲ့ အခြေခံလုပ်ငန်းတွေအတွက် ဌာနက သတ်မှတ်ထားတဲ့ သစ်တန် (၁) တန်ကို အခွန်ပေးဆာင်စရာမလိုဘဲ ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ထုတ်ယူသုံးစွဲမယ့်သူတွေဟာ သက်ဆိုင်ရာ မြို့နယ်သစ်ဝန်းစီဌာနသို့ အကြောင်းကြားရ မှာ ဖြစ်ပြီးတော့ ဌာနက ကွင်းဆင်း မှတ်တမ်းတင်ထားမှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်စုတစုကို တနှစ်မှာ သစ်ထုတ်ယူနိုင်ခွင့် (၁) ကြိမ် သတ်မှတ်ထားပြီး သစ်တန် (၁) တန်ထက် ပိုမိုထုတ်ယူလိုပါက သက်ဆိုင်ရာကျေးရွာ၊ တိုက်နယ်နှင့် မြို့နယ်အုပ်ချုပ်ရေးဌာနရဲ့ ထောက်ခံချက်တွေ ရယူပြီး မြို့နယ်သစ်ဝန်းစီဌာနသို့ တင်ပြရမှာ ဖြစ်ပါတယ်။ သစ်ဝန်းစီဌာနက ကွင်းဆင်းစစ်ဆေးမှာဖြစ်ပြီးတော့ အမှန်တကယ် လိုအပ်တာကို တွေ့ရှိပါက ထုတ်ယူသုံးစွဲခွင့် ပြုမှာဖြစ်ပါတယ်။ အဲဒီလို ထုတ်ယူသုံးစွဲပြီးတော့ စီးပွားရေး လုပ်စားတာမျိုးကိုတွေ့ရှိရင် တည်ဆဲဥပဒေအရ အရေးယူခံရမှာ ဖြစ်ပြီးတော့ ထုတ်ယူထားပြီး သစ်များကို သိမ်းဆည်းခံရမှာဖြစ်တဲ့အပြင် သစ်ထုတ်ယူနိုင်ခွင့်ကိုလည်း (၁) နှစ် ပိတ်ပင်ခံရမှာပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အာရက္ခပြည် ဟာ စစ်ဒဏ်သင့် ခံထားရတဲ့ပြည် ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ နေအိမ်တိုက်တာ အဆောက်အဦးတွေ ပျက်စီးမှု အများအပြားပဲ ရှိနေပါတယ်။ ပြန်လည်တည်ဆောက်ရေးအတွက် ပြည်သူလူထုရဲ့ သစ်၊ ဝါး လိုအပ်ချက်တွေကို အခု ထုတ်ပြန်ချက်က အထိုက်အလျှောက် ဖြေရှင်းပြီး ဖြစ်သွားမှာပါ။ ဒါ့အပြင် လျှပ်စစ်မီး မသုံးစွဲနိုင်တဲ့ လက်ရှိအခြေအနေမှာ လူထုရဲ့ နေ့စဉ် လိုအပ်နေတဲ့ ထင်း နဲ့ မီးသွေးကိစ္စကိုလည်း ဒီထုတ်ပြန်ချက်က ဖြေရှင်းသွားနိုင်လိမ့်ယ်လို့ မျှော်လင့်ရပါတယ်။

အမှန်တကယ်တမ်းမှာတော့ သစ်တောတွေကို ဘယ်လို အကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားတာ၊ အသစ်ဖွဲ့စည်း တည်ထောင်တာမျိုးတွေပဲ လုပ်ဆောင်သင့်ပါတယ်။ ငွေကြေးချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင်တော့ သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြင်းထန်တဲ့ ဥပဒေတွေချမှတ်ပြီး ကာကွယ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ဆင်းရဲပြီး အဂတိလိုက်စားမှု မြင့်မားတဲ့ နိုင်ငံတွေ၊ ပဋိပက္ခ ထူပြောတဲ့ နိုင်ငံတွေမှာတော့ သစ်တောတွေအပါအဝင် မြေပေါ်မြေအောက်နဲ့ ရေပေါ်ရေအောက် သယံဇာတတွေဟာ အာဏာရှိသူတွေကို ခါးပိုက်ဆောင်ထားတဲ့ ခရိုနီ အကြီးစားတွေရဲ့ စီးပွားရေးလုပ်ကွက်တွေအဖြစ် ပြောင်းလဲ သွားတတ်ကြပါတယ်။ နိုင်ငံပိုင် သစ်တောတွေနဲ့ သယံဇာတတွေဟာ လာဘ်ပေးလာဘ်ယူမှုကို အသားကျနေတဲ့ အစိုးရနဲ့ ခရိုနီတွေ၊ ဝိသမ လောဘသားတွေရဲ့ လက်အောက်ကို ကျရောက်သွားခဲ့ပြီဆိုရင် ပြုဉ်းတီးပျက်စီးဖို့ လုံးဝ သေချာသွားပြီ ဖြစ်ပါတယ်။ ရက္ခိုင်ရိုးမကြီးတခုလုံး နွယ်ပင်အဆင့် သစ်ပင်တွေလောက်နဲ့ တောင်ဂတုံးဖြစ် ကျန်ခဲ့တာက နမူနာပဲ ဖြစ်ပါတယ်။

စစ်တမ်းတခုရဲ့ ဖော်ပြချက်အရ ကျေးလက်ဒေသမှာ နေထိုင်တဲ့လူတဦးဟာ မီးဖိုချောင်သုံး လောင်စာအတွက် တနှစ်ကို ရင်စို့လုံးပတ် ၇.၅ လက်မရှိတဲ့ သစ်ပင် ၁၀၀ ခန့် လိုအပ်ကြောင်း ဖတ်ရှုရတော့ အံသြမိတယ်။ တနှစ်မှာ ပျမ်းမျှ သစ်ပင် ၁၀၀ ဆိုရင် လူ့သက်တမ်း ၈၀ ကို ရောက်တဲ့အခါ သစ်ပင် ၈၀၀၀ ခန့်လောက်ကို ခုတ်လှဲ အသုံးပြုရလိမ့်မယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကျေးလက်ဒေသ ပေါများတဲ့ အာရက္ခပြည်မှာဆိုရင် မီးဖိုချောင်သုံး လောင်စာအတွက်သစ်ပင်တွေ ဘယ်လောက်ထိများ စတေးခံခဲ့ရပြီးပြီလဲ စဉ်းစားစရာ ဖြစ်ပါတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ဘယ်လောက်ထိ ပျက်စီး ဆုံးရှုံးခဲ့ရပြီးပြီလဲ တွေးစရာသာ ဖြစ်ပါတယ်။

အာရက္ခပြည်ဟာ တောတောင်ထူထပ်တဲ့ မြေမျက်နှာသွင်ပြင် အနေအထား ရှိပါတယ်။ ထူထပ်လှတဲ့ ရက္ခိုင့်တောတောင်တွေထဲမှာ သစ်ပင်သစ်တောတွေ ပေါများစွာ ပေါက်ရောက်နေကြတယ်။ တောင်ပေါ်တော၊ အမြဲစိမ်းတော၊ အထက်ရွက်ပြတ်ရောနှောတော၊ ခြောက်တော၊ မြစ်ကမ်းတော၊ ဒီရေတော၊ သဲသောင်ခုံတော စတဲ့ သစ်တော၊ သစ်ပင်မျိုးစုံကို အာရက္ခပြည်အနှံ့မှာ ပေါက်ရောက်လျှက် တွေ့မြင်နိုင်ပါတယ်။

ရှေးခေတ်ရက္ခိုင်ဘုရင်တွေ လက်ထက်တော်မှာ သစ်ပင်သစ်တော စိုက်ပျိုးခြင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာ ရှာမတွေ့ရပေမယ့် ရက္ခိုင်ဘုရင်မင်းမြတ်တွေဟာ သစ်ပင်သစ်တောနဲ့ သဘာဝတရားကို ဖြုန်တီး ဖျက်စီးတဲ့ လူမျိုးတွေထဲမှာ မပါဝင်ခဲ့ကြဘူးလို့ ဆိုနိုင်ပါတယ်။ ရာဇဝင်ကျမ်းဂန်တွေအရ နှစ်ပေါင်း ၅၀၀၀ ကျော် သက်တန်းရှိခဲ့တဲ့ ရက္ခိုင့်သမိုင်းစဉ် တလျှောက်လုံးမှာလည်း ရက္ခိုင့်မြေ မျက်နှာသွင်ပြင်ထက်က တောတောင်သစ်ပင်တွေ ပြုဉ်းတီးသွားခဲ့ရကြောင်း မတွေ့ရပါဘူး။

၁၇၈၅ ခုနှစ် နောက်ပိုင်းအချိန်တွေမှာ ရက္ခိုင်ဘုရင့်နိုင်ငံတော်ဟာ ဗမာဘုရင်ရဲ့ လက်အောက်ခံအဖြစ် ဆင်းသက်ခဲ့ရတယ်။ မစ္စတာဘာရင်ရဲ့ အဆိုအရ ၁၈၂၅ ခုနှစ်မှာ ဗမာဘုရင်တွေက တောင်ကုတ်ချောင်းနဲ့ သူဌေးချောင်းမှာ သစ်စိုက်ခင်းတွေ ထူထောင် စိုက်ပျိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗမာဘုရင်တွေ စိုက်ပျိုးခဲ့တဲ့ တောင်ကုတ်ချောင်း သစ်စိုက်ကွက်တွေက မအောင်မြင်ခဲ့ပေမယ့် သူဌေးချောင်း သစ်စိုက်ကွက်ကတော့ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်တွေလက်ထက်မှာတော့ ၁၉၁၀ ခုနှစ်မှာ ချောင်ကြီးကြိုးဝိုင်းကို ပထမဆုံး သစ်တောကြိုးဝိုင်းအဖြစ် စတင် ဖွဲ့စည်းခဲ့ကြတယ်။

အင်္ဂလိပ်တို့ ရက္ခိုင်ပြည်ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ၁၈၈၀ ခုနှစ်မှာ တိုင်းမင်းကြီး မစ္စတာဟော့ဒ်ဘင်ဆင်နဲ့ သစ်တောမင်းကြီး မေဂျာဆီးကင့်တို့က ရက္ခိုင်ပြည် တဝှမ်းလုံးက သစ်တောတွေကို ကွင်းဆင်း လေ့လာဖို့ သစ်တောခရိုင်ဝန်နစ်ဘတ်ကို တာဝန်ပေးခဲ့ကြတယ်။ တာဝန်အရ ရက္ခိုင့်သစ်တောတွေကိုမွှေနှောက် လေ့လာခဲ့ရတဲ့ သစ်တောခရိုင်ဝန်နစ်ဘတ်ဟာ သူ့ရဲ့ တွေ့ရှိချက်တွေကို ၁၈၈၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှာ အစီရင်ခံစာ တင်သွင်းနိုင်ခဲ့တယ်။ မစ္စတာနစ်ဘတ်ရဲ့ အစီရင်ခံစာအရ ရက္ခိုင်ပြည်ရဲ့ သစ်တောတွေထဲမှာ အဖိုးတန် သစ်ပေါက်ရောက်မှု နည်းပါးကြောင်းနဲ့ ပိတောက်၊ ပျဉ်းကတိုးစတဲ့ သစ်မာအုပ်စုဝင်တွေကို တားမြစ်ရာပါ သစ်တွေအဖြစ် သတ်မှတ်ခဲ့တယ်။

၁၉၁၀ ခုနှစ်မှာ ရက္ခိုင်ပြည်ရဲ့ ပထမဆုံး သစ်တောကြိုးဝိုင်းအဖြစ် ချောင်းကြီးကြိုးဝိုင်းကို ဖွဲ့စည်းခဲ့ကြတယ်။ အင်္ဂလိပ်တို့ ဖွဲ့ စည်းခဲ့ကြတဲ့ သစ်တောကြိုးဝိုင်းတွေဟာ ရောင်းတန်းဝင် သစ်မာအမျိုးအစားတွေ ပေါက်ရောက်မှုကိုကြည့်ပြီး ဖွဲ့စည်းခဲ့ကြတဲ့ သစ်တောကြိုးဝိုင်းတွေလို့ ဆိုနိုင်ပါတယ်။ ၁၉၁၉ ခုနှစ်မှာ ရက္ခိုင်ရိုးမပေါ်က  ရူးချောင်းကြိုးဝိုင်းကို အင်္ဂလိပ်တို့ ထပ်မံ ဖွဲ့စည်းခဲ့ကြတယ်။ ၁၉၂၄-၂၉ ခုနှစ် အတွင်းမှာတော့ ရက္ခိုင်ပြည် မြောက်ပိုင်းဒေသက ပျဉ်းကတိုးပေါက်ရောက်ရာ သစ်တောတွေကို ကြိုးဝိုင်း (၆) ခု ထပ်မံ ဖွဲ့စည်းခဲ့ပြန်တယ်။ ကြိုးဝိုင်း ၆ ခုရဲ့ စုစုပေါင်း ဧရိယာဟာ ၃၉၅ စတုရန်းမိုင်ခန့် ရှိပေမယ့် ၅၉ စတုရန်းမိုင်ခန့်ကိုပဲ လွယ်ကူစွာ သစ်ထုတ်လုပ်နိုင်မယ့် ဧရိယာအဖြစ် သတ်မှတ်ခဲ့ကြတယ်။

၁၈၆၅- ၁၈၆၈ ခုနှစ်အတွင်း သုံးနှစ်တာကာလအတွင်း အရှေ့အိန္ဒိယကုမ္ပဏီဟာ ရက္ခိုင်ပြည် သစ်တောတွေက ပျဉ်း၊ ကတိုးဇလီဖာတုံး (၈၀၀၀၀) ရှစ်သောင်း ဝယ်ယူခဲ့တယ်။ ဒီနောက်မှာ ရက္ခိုင့်သစ်တောတွေရဲ့ ဈေးကွက်ဝင်မှုကို ကန့်သတ် ထိန်းချုပ်နိုင်ဖို့အတွက် အင်္ဂလိပ်တို့ဟာ ပျဉ်းကတိုးပေါက်ရောက်မှုအခြေအနေကိုလိုက်ပြီး သစ်တောကြိုးဝိုင်းတွေ ဖွဲ့စည်းခဲ့ကြတယ်။ အင်္ဂလိပ်တို့ ဖွဲ့စည်းခဲ့ကြတဲ့ သစ်တောကြိုးဝိုင်းတွေဟာ အကွက်ပေါင်း ၃၃၀ ကျော်အထိ ရှိပြီး ဧရိယာ ဧက (၄၁၃၀၄၆ ဧက) ရှိကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။ ကြိုးဝိုင်းပြင်ပ ကာကွယ်တောတွေအနေနဲ့ ၅၆ ကွက်ရှိပြီး ဧက (၈၆၇၁၃၆၀) ဧက ရှိခဲ့တယ်။ ဒါပေမယ့် ရက္ခိုင့်မြေမျက်နှာသွင်ပြင် အနေအထားအရ ရက္ခိုင့်ကြိုးဝိုင်း သစ်တောတွေမှာ ရေမမျောသစ် ထုတ်လုပ်နိုင်မယ့်ဧရိယာ (၃၁၆၆၃၈၁) ဧက၊ ရေမျောသစ် ထုတ်လုပ်နိုင်မယ့်ဧရိယာ (၂၀၈၆၄၂) ဧက၊ သစ်ထုတ်လုပ်ဖို့ ခက်ခဲတဲ့ဧရိယာ (၁၁၀၈၆၆၅ ဧက) နဲ့ သစ်မပေါက်ရောက်တဲ့ဧရိယာ (၂၇၂၀၃၁၈ ) ဧကတို့ ဖြစ်ကြောင်း ဖြည့်စွက် မှတ်တမ်းတင်ခဲ့ကြရတယ်။

အင်္ဂလိပ်တို့ဟာ မောင်တော၊ ဘူးသီးတောင်၊ လေးမြို့၊ တောင်ကုတ်နဲ့ သံတွဲဒေသတွေမှာ သစ်စိုက်ခင်း တည်ထောင် စိုက်ပျိုးရေးဧရိယာ ဧကပေါင်း ၂၀၂၂၉၉ ဧကကို လျှာထားခဲ့ကြတယ်။ သစ်စိုက်ခင်း အလုပ်တိုက်နယ်တွေ ထူထောင်နိုင်ဖို့အတွက် သဘာဝ သစ်တောတွေထဲက အဖိုးတန် သစ်ပေါက်ရောက်မှု နည်းပါးတဲ့နေရာ၊ သစ်ထုတ်လုပ် သယ်ယူပို့ဆောင်နိုင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး မခက်ခဲတဲ့နေရာ၊ ဝါးတော ပေါက်ရောက်တဲ့နေရာနဲ့ စိုက်ပျိုးသစ်ပင်နဲ့ တွဲဖက် ပေါက်ရောက်နိုင်မယ့် မြေဆီလွှာ ရှိတဲ့မြေ အမျိုးအစားတို့ကို ရွေးချယ်ခဲ့ကြတယ်။ သတ်မှတ်ချက် စံမှီတဲ့နေရာတွေမှာ သဘာဝ တောရိုင်းကိုအပြောင်ရှင်းစနစ်နဲ့ သစ်စိုက်ခင်းတွေ ထူထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စနစ်ကျလှတဲ့ အင်္ဂလိပ်အစိုးရတို့ရဲ့ သစ်စိုက်ခင်း စီမံကိန်းစနစ်အရ နှစ်စဉ်နှစ်တိုင်းမှာ စိုက်ခင်းဧက ပျမ်း မျှ ၂၅၀၀ ဧက စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ တစ်ဧကမှာ အနည်းဆုံးသစ်ပင် ၄၀ လောက်ကို ရှင်သန်နိုင်ဖို့ ရည်မှန်းပြီး စိုက်ပျိုးခဲ့ကြတယ်။ အင်္ဂလိပ်တို့ရဲ့ စီမံချက်အတိုင်း တစ်နှစ်မှာ ပျမ်းမျှဧက ၂၅၀၀ သာ စိုက်ပျိုးနိုင်ခဲ့မယ်ဆိုရင် တစ်နှစ်မှာ သစ်ပင် ၁၀၀၀၀၀ ရရှိမှာပဲ ဖြစ်တယ်။ စိုက်ခင်းရဲ့ သက်တမ်းကိုတော့ အနှစ် ၈၀ အထိ သတ်မှတ်ထားခဲ့ကြပြီးတော့ သတ်မှတ်နှစ် ပြည့်တဲ့အချိန်မှာ စိုက်ပျိုးပင်ရဲ့အရွယ်ဟာ ရင်စို့လုံးပတ် (၆.ဝ) လက်မခန့် ရှိနေလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ အင်္ဂလိပ်တွေဟာ သစ်တောတွေကို ရေရှည်စီမံကိန်းနဲ့ စနစ်တကျ ရေးဆွဲ လုပ်ကိုင်ခဲ့ကြတာ ဖြစ်တဲ့အတွက် သူတို့လက်ထက်မှာ ရက္ခိုင်ပြည်ထဲက တောတောင်သစ်ပင်တွေဟာ စနစ်တကျ ရှင်သန်ခွင့် ရှိခဲ့ကြပါတယ်။

မှတ်တမ်းတွေအရ ၁၉၀၃ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ ရက္ခိုင်ပြည်ထဲမှာ အင်္ဂလိပ်အစိုးရနဲ့ မြန်မာအစိုးရတို့ စိုက်ပျိုးခဲ့ကြတဲ့ သစ်စိုက်ခင်းတွေကို ခုလိုပဲ တွေ့ရှိရပါတယ်။ ကျောက်တော် ကုလားတန် သစ်စိုက်ကွက်တွေအတွင်းမှာ ကျွန်း ၃၈၈ ဧက၊ ပျဉ်းမ ၁၈ ဧကနဲ့ ပျဉ်းကတိုး ၁၆ ဧက၊ မင်းပြား ဗန္ဓုလ သစ်စိုက်ခင်းတွေမှာ ကျွန်း ၂၀၀ ဧက၊ မောင်တော မယူ သစ်စိုက်ခင်းတွေမှာ ကျွန်း ၆၆၃ ဧက၊ ပျဉ်းကတိုး ၂၃၉ ဧကနဲ့ ယူကလစ် ၁ ဧက၊ တောင်ကုတ် ရန်ခေါ် သစ်စိုက်ကွက်တွေမှာ ကျွန်း ၁၈၃ ဧက၊ ပျဉ်းကတိုး ၆၀ ဧက နဲ့ ယူကလစ် ၂ ဧက ၊တောင်ကုတ် ကျွဲရ သစ်စိုက်ကွက်တွေမှာ ကျွန်း ၁၇၃၈ ဧက စသဖြင့် အသီးသီးစိုက်ပျိုးခဲ့ကြကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။

လေ့လာသူတို့ရဲ့ အချက်အလက်များအရ လက်ရှိ ရက္ခိုင်ပြည်မှာ အမြဲစိမ်းသစ်တော (၂၀၀.၆) ဧရိယာစတုရန်းမိုင်၊ အထက်ရွက်ပြတ်တော (၃၃) စတုရန်းမိုင်၊ ဒီရေတော (၆၄၇) စတုရန်းမိုင် ရှိတယ်လို့ ဆိုပါတယ်။ မှတ်တမ်းတွေအရ ကြိုးဝိုင်းသစ်တော (၈၁၇) စတုရန်းမိုင်၊ ကြိုးပြင်ကာကွယ်တော (၁၂၂၆) စတုရန်းမိုင်၊ သဘာဝနယ်မြေဧရိယာ (၆၇၇) စတုရန်းမိုင် စသဖြင့် ဖော်ပြကြပါတယ်။ ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၄ ခုနှစ် သစ်တောစာရင်းဇယားများအရ ရက္ခိုင့်သစ်တော ဖုံးလွှမ်းမှုဟာ ကြိုးဝိုင်းသစ်တော (၈၁၄.၄၈) စတုရန်းမိုင်၊ ကြိုးပြင်ကာကွယ်တော (၁၈၂၅) စတုရန်းမိုင်နဲ့ တောရိုင်း (၅၅၂၈) စတုရန်းမိုင် ရှိကြောင်း ဆိုပါတယ်။ ခရင်ဝါး (၃၀၀၀) စတုရန်းမိုင်နဲ့ ဒီရေတော (၄၆၇) စတုရန်းမိုင်လည်း ပေါက်ရောက်လျှက်ရှိကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။

ရက္ခိုင့်သစ်တော ပြုန်းတီးမှု နှုန်းထားကို ဖော်ပြရာမှာ တစ်နှစ်ကို (၂.၆) ရာခိုင်နှုန်းရှိကြောင်း ဆိုပါတယ်။ သစ်တောဦးစီးဌာနရဲ့ အချက်အလက်များအရ ရက္ခိုင်ပြည်ရဲ့ နှစ်စဉ် သစ်တောပြုန်းတီးမှုဟာ (ဝ.၇၈) ရာခိုင်နှုန်းခန့်သာရှိကြောင်း ဖော်ပြကြတယ်။ ၁၉၉၂ ခုနှစ်မှာ သစ်ထုထည်ပမာဏ (၆၀၈၄၀) ကုဗမီတာ၊ ၂၀၀၀ ခုနှစ်မှာ (၅၇၁၅၂) ကုဗမီတာ၊ ၂၀၁၅ ခုနှစ်မှာ (၅၄၆၇၉) ကုဗမီတာ စသဖြင့် ပြုန်းတီးမှု ရှိခဲ့ကြောင်း ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ မိုးခေါင်ရေရှားနေရတဲ့ ရက္ခိုင်ပြည်အတွင်းထဲက တောင်ကတုံးတွေနဲ့ ကျဉ်းစပ်ပူလောင်နေတဲ့ တံလျှပ်တွေကတော့ အတိကျဆုံးသော သစ်တောပြုန်းတီးမှုကို ဖော်ပြနေတယ်ဆို ရင် မမှားနိုင်ပါဘူး။

သစ်တောသစ်ပင်တွေ ဆုံးရှုံး ပျက်စီးလာရခြင်းဟာ ကမ္ဘာကြီးရဲ့ ရာသီဥတုကို ဖောက်ပြန်လာနိုင်စေပြီး ဂေဟစနစ်ကိုပါ  ထိခိုက်စေပါတယ်။ ရက္ခိုင့်သစ်တောတွေ ပြုန်းတီးလာမှုဟာ ရက္ခိုင်ပြည် တခုလုံးကိုသာမကဘဲ ဒေသတွင်း နယ်မြေများကိုပါ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုကို ရရှိစေနိုင်ပါတယ်။ သစ်တောနဲ့သစ်ပင်တွေ ပြုန်းတီးလာတဲ့အတွက် သစ်တောသစ်ပင်တွေကို အမှီသဟဲပြု နေထိုင်ကြတဲ့ ဇီဝသက်ရှိ မျိုးစိတ်များစွာကိုလည်း ပြုန်းတီးသွား ပျောက်ကွယ်စေနိုင်တယ်လို့ ဆိုပါတယ်။

WWF အဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်အရ ကမ္ဘာကြီးရဲ့ သစ်တောပြုန်းတီးမှုဧရိယာဟာ တစ်မိနစ်အတွင်းကို ဘောလုံးကွင်း ၄၈ ကွင်းစာမျှလောက် ရှိတယ်လို့ ဆိုပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ သစ်တောပြုန်းတီးမှုကို ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ ထုတ်ပြန် ကြေငြာချက်အရ ၂၀၁၀-၂၀၁၅ ခုနှစ်၊ ငါးနှစ်တာကာလအတွင်းမှာ သစ်တောဟက်ကာ ၃ သန်းအထိ ရှိခဲ့ပြီး ကမ္ဘာ့သစ်တော ပြုန်းတီးမှုအဆင့် ၃ နေရာကို ချိတ်ခဲ့ပါတယ်။ တရားမဝင် သစ်ထုတ်လုပ်မှုကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့ (Enviromental Investigation) ရဲ့ထုတ်ပြန် ကြေငြာချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ သစ်တော ပြုန်းတီးမှု နှုန်းထားဟာ ၂၀၁၀-၂၀၁၅ ခုနှစ်အတွင်းမှာ သစ်တောဟက်ကာ (၅၂၆၀၀) အထိ ပြုန်းတီးခဲ့ကြောင်း ဆိုထားပါတယ်။

လေ့လာ စောင့်ကြည့်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ သတ်မှတ်ချက်အရ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ သစ်တောဖုံးလွှမ်းမှုဟာ (၃၁%) သာ ကျန်ရှိတော့ကြောင်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ သစ်တောဖုံးလွှမ်းမှုဟာ ငါးနှစ်အတွင်းမှာ (၂%) ခန့် ပျောက်ဆုံး ပြုန်းတီးသွားခဲ့ကြောင်းကို ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးရံပုံငွေအဖွဲ့ကြီးက မှတ်တမ်းတင်ထားပါတယ်။ ခေတ်အဆက်ဆက် ဗမာအစိုးရတို့လက်ထက်မှာ ရက္ခိုင်ပြည်တွင်းက သစ်တောတွေကို သီးသန့်ဆန်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ အားနည်းခဲ့တဲ့အတွက် တိကျတဲ့ သစ်တောပြုန်းတီးမှုကို ဖော်ပြနိုင်ဖို့ ခဲယင်းနေပါလိမ့်မယ်။ သေချာတာ တစ်ခုကတော့ ရက္ခိုင်ပြည်အဝှမ်းက တောတောင်တွေဆီမှာ Chain Saw သံတွေနဲ့ သစ်ပင်ကြီးတွေ ပြိုလဲ ကျဆုံးသံတွေ ဆူညံနေဆဲ ဖြစ်ပါတယ်။ ရက္ခိုင့်ရာသီဥတု ဖောက်ပြန်လာတာတွေနဲ့ တောတောင်တွေမှာ အစိမ်းရောင် မရှိတော့တာတွေဟာ ရက္ခိုင့်သစ်တော ပြုန်းတီးမှုရဲ့ သက်သေတွေ ဖြစ်ပါလိမ့်မယ်။

လာဘ်ပေးလာဘ်ယူမှုတွေနဲ့ နေသားကျနေခဲ့တဲ့ ဗမာအစိုးရအဆက်ဆက် အုပ်စိုးခဲ့ကြစဉ်အခါက ရက္ခိုင် – ဘင်္ဂလားဒေ့ရှ် နယ်ခြားဖြစ်တဲ့ ကရုချောင်းလေးထဲသို့ ဝင်လိုက်ရင် ပင်လယ်ကူး မော်တော်ဘုတ် အရွယ်မျိုးစုံတို့ကို သစ်အရိုင်းတုံး တန်ချိန်ပေါင်းများစွာ တင်ဆောင်ပြီး အစုန်အဆန် ခုတ်မောင်းလို့ မြင်တွေ့ခဲ့ရဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနာမြို့ တနေရာမှာတော့ ချောင်းကမ်းစပ်တလျှောက်မှာ အစီစီ အရီရီ ပုံထားကြတဲ့ သစ်အရိုင်းတုံးပုံကြီးတွေကို မြင်တွေ့ရပါတယ်။ ပြီးတော့ အာရက္ခပြည်မှာတောင် တွေ့မြင်နိုင်ဖို့ ခက်ခဲတဲ့ အနယ်နယ် အရပ်ရပ်က ပင်လယ်ကူး မော်တော်ဘုတ်ကြီးတွေကို ကရုချောင်းရိုးတလျှောက် တစုတစည်းတည်း မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒီသစ်တွေဟာ ရက္ခိုင်ရိုးမနဲ့တကွ ရက္ခိုင်ပြည် တောတောင်တွေထဲက သစ်တွေဆိုတာကိုတော့ ပြောစရာမလိုအောင်ပါပဲ။ ဒါပေမယ့် ဒီလို ရက္ခိုင်ရိုးမကြီးတခုလုံး တောင်ဂတုံးဖြစ်အောင် အပြတ် ရှင်းလင်းခံလိုက်ရတာတောင် ရက္ခိုင်ပြည်နဲ့ ရက္ခိုင်လူမျိုးတို့အတွက် ဘာတခုမှ အကျိုးမခံစားခဲ့ရပါဘူး။ သစ်ပင်ခုတ်ပြီး ချမ်းသာသွားသူတွေကတော့ ဗမာအစိုးရ သစ်တောအရာရှိတွေ၊ ရဲအရာရှိတွေ၊ စစ်တပ်ကအရာရှိတွေ၊ ဆိုင်ရာဆိုင်ရာ ဌာနတွေက အရာရှိကြီးတွေနဲ့ ခရိုနီ အကြီးစားတွေပဲ ဖြစ်ပါတယ်။

ရက္ခိုင်လူမျိုးတို့ဟာ ရက္ခိုင်ပြည်ယ်ရဲ့ သဘာ၀ ရေမြေတောတောင်တို့ကို မှီခိုနေကြရတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ရက္ခိုင်ပြည်ရဲ့ ပထဝီ အနေအထားအရ သစ်ပင်တောတောင်တွေနဲ့ ပင်လယ်ပြင်တို့ကို ပိုင်ဆိုင်ထားတဲ့အတွက် သမမျှတတဲ့ ရာသီဥတုကိုလည်း ရက္ခိုင်လူမျိုးတို့ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ခုအချိန်အခါမှာ ရက္ခိုင်ပြည်အနှံ့က ပေါများလွန်းတဲ့ သစ်ပင်တောပင်တွေဟာ ဆိတ်သုဉ်း ပျောက်ကွယ်ခဲ့ပါပြီ။ စိမ်းစိမ်းစိုစို တောင်တန်းတောအုပ်တွေနဲ့ သစ်ပင်သစ်တောတွေ ဆုံးရှုံးခဲ့ကြရတဲ့အတွက် ဆိုးဝါးတဲ့ ရာသီဥတုကျိန်စာကို ရက္ခိုင်လူမျိုးတို့ ရင်ဆီး ခံစားနေကြရပြီပဲ ဖြစ်ပါတယ်။

သစ်တောတွေဟာ ရာသီဥတုကို အကောင်းဆုံး အခြေအနေသို့ဖြစ်စေ၊ ဆိုးဝါးစွာ ဖောက်ပြန်လာမှုဆီသို့ဖြစ်စေ ဖန်တီးနိုင်တဲ့ အဓိက သော့ချက်တစ်ခု ဖြစ်တယ်။ သစ်တောတွေ ပြုန်းတီးမှုကြောင့် လေထုအတွင်းကို ဖန်လုံအိမ်ဓါတ်ငွေ့ (Greenhouse Gases) ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ပျံ့နှံ့စေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ Our Amazine Plant အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ သစ်တောတွေ ပြုန်းတီးလာမှုကြောင့် လေထုထဲမှာ ဖန်လုံအိမ်ဓါတ်ငွေ့ အဆပေါင်း ၄၀၀ ခန့်မျှ တိုးလာခဲ့ကြောင်း ဆိုပါတယ်။ ဒီလို ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏ များပြားလာခြင်းကြောင့် ကမ္ဘာကြီးကို ပူနွေးလာစေပြီး ဆိုးဝါးတဲ့ ရာသီဥတု ပြောင်းလဲမှုကို ဆက်တိုက် ဖြစ်ပေါ်စေပါတယ်။

လက်ရှိအချိန်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သစ်ဝန်းစီဌာနရဲ့ ထုတ်ပြန်ချက်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာ ထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေအတွက် ပထမဦးဆုံး ခြေလှမ်းဖြစ်လို့ ဒါကို လှိုက်လှဲစွာ ကြိုဆိုကြရမှာပဲ ဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ တခု သတိထားရမှာက ဥပဒေတခု ထုတ်ပြန်ရင် နည်းဥပဒေပါ လုပ်ထုံးလုပ်နည်း (ပြစ်ဒါဏ်သတ်မှတ်ချက်) များကိုပါ စနစ်တကျ ချပြနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဒီဥပဒေကို အမှန်တကယ် လေးစားလိုက်နာကြဖို့နဲ့ ဖောက်ဖျက်ပါက ကျသင့်မယ့် ပြစ်ဒဏ်ကိုပါ တိတိကျကျ ကျသင့်စေဖို့ ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါ တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဗမာအစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့စဉ်တုန်းအတိုင်း ဥပဒေကို လိုက်ပြီးတော့ ပေါင်းစား၊ မြှောက်စား၊ ကပ်စားကြမယ့် လာဘ်ပေးလာဘ်ယူမှုကြီးတွေ အကြီးအကျယ် ဖြစ်ပေါ်လာနိုင်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လက်အောက်မှာ ရက္ခိုင်ရိုးမနဲ့တကွ အာရက္ခပြည်က သစ်ပင်သစ်တောတွေအပါအဝင် သဘာဝပတ်ဝန်းကျင်တခုလုံး စိမ်းလန်းစိုပြေစွာ အဓွန့်ရှည်ပါစေလို့သာ။ ။

ရင်ငြိမ်းမြို့

Related posts

ကပစ ၁၄ ကို ရှော့တိုက်ဒုံးနဲ့ CDF – Asho တိုက်ခိုက်

စစ်သင်္ဘောကနေ တောင်ကုတ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်၊ AA က ပြန်ပစ်လို့ ရေလယ်ကို ထွက်ပြေး

မနက်ဖြန်ကစပြီး ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက် လေယာဉ်ပြေးဆွဲမည်