အာရက္ခတိုင်းမ်စ် (၈ ဇွန် လ ၂၀၂၆)
ရက္ခိုင်ပြည်အတွင်း လာမယ့် ရက်သတ္တပတ်အတွင်းမှာ မိုးရွာသွန်းမှု များလာနိုင်တာကြောင့် အနိမ့်ပိုင်းနေရာ နေထိုင်သူတွေအနေနဲ့ သတိပြုရန် လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
“ ရက္ခိုင်ပြည်ဆိုတော့ ကျနော်တို့ တနင်္သာရီတိုင်းရယ်၊ မွန်ပြည်နယ်ရယ်၊ ရက္ခိုင်ပြည်ရယ် ဒီဟာကတော့ မိုးများမယ်။ နောက်လာမယ့် တပတ်အတွင်းမှာလည်း မီလီမီတာ ၂၅၀ ကနေ ၅၀၀ လောက်အထိ ရွာနိုင်တယ်ပေါ့နော်။ ရွာနိုင်တယ် ဆိုတဲ့အခါကျတော့ ဒါကတော့ သတိထားပြီး လုပ်ဖို့ လိုတယ်။ ရက္ခိုင်ပြည်လည်းမိုးများလို့ရှိရင် မြစ်ရေ တက်လာတယ်။ မြစ်ရေ တက်လာပြီးတော့ ရေမဆင်းနိုင်လို့ရှိရင် တချို့ ကမ်းရိုးတန်းက အနိမ့်ပိုင်း နေရာတွေမှာ ရေလွှမ်းသွားတာမျိုးတွေ ဖြစ်နိုင်တယ်။ နောက် တောင်ကျရေတွေ ဆင်းတာတွေ ရှိတယ်” လို့ ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဇွန်လ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အနောက်တောင် မုတ်သုံလေဟာ အားကောင်းရာကနေ အလွန်အားကောင်းနေတယ်လို့ သူက ဆိုပါတယ်။
လာမယ့် ဇွန်လ ၁၁ ရက်ကနေ ၁၄ ရက်အတွင်း ရက္ခိုင်ကမ်းရိုးတန်း (အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ နှင့် ဂွမြို့နယ်များ) မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်းများ ကျရောက်နိုင်ကာ ပင်လယ်ပြင်လှိုင်းကြီးခြင်း၊ ဒီရေတက်ခြင်းများကိုလည်း သတိပြုဖို့ ဦးဝင်းနိုင်ကအသိပေးထားပါတယ်။
မိုးရက်ဆက် ရွာသွန်းမှုကြောင့် မြေသားပွလာပြီး မြေပြိုခြင်း၊ လမ်းပိတ်ခြင်းများ ဖြစ်ပေါ်နိုင်သလို မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တာကြောင့် ကုန်းလမ်းခရီး သွားလာသူများအပြင် ရေလုပ်ငန်းနဲ့ ကမ်းနီးကမ်းဝေး ရေကြောင်း သွားလာမှုများကိုလည်း အထူးဂရုပြုရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်
ကြိုတင် အသိပေးထားပါတယ်။