အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၃၃)
ဌေးဝင်း
ခုနက ABSDF ရဲ့ ထိပ်သီးခေါင်းဆောင်ကြီးတွေကို ကျောင်းသားငယ်လေးတွေလို ဆူနေတဲ့ ဦးတင်မောင်ဝင်း ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းကိုလည်း နည်းနည်းလေး ပြောပြချင်သေးတယ်။
ဦးတင်မောင်ဝင်း (၁၉၃၈ – ၁၉၉၉) ဟာ ရန်ကုန်က တီတီစီကျောင်းမှာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာ သူ့အဖေ ဦးဝင်း သံအမတ်ကြီးအဖြစ် တာဝန်ကျနေတဲ့ အမေရိကန်ကို လိုက်သွားခဲ့ပြီး Western High School, George Town University မှာ ဆက်လက် ပညာသင်ကြားခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ (ပညာရေး)၊ B.A., B.Ed. ဘွဲ့ကို ရရှိခဲ့တယ်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ သူဟာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် မြေပေါ်လှုပ်ရှားမှုတွေနဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်ခဲ့တယ်။ တချိန်တည်းမှာ လက်နက်ကိုင်တော်လှန်ရေးကိုပါ ဆင်နွှဲဖို့အတွက် ‘ဗမာနိုင်ငံလုံးဆိုင်ရာလျှို့ဝှက်ကျောင်းသားများအဖွဲ့ချုပ်’ (All Burma Secret Organization) ရဲ့ ဗဟိုဦးစီးအဖွဲ့မှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။
၁၉၆၅ ခုမှစ် ဇွန်လမှာ စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၁၉၆၈ ခုနှစ် ဖေဖဝါရီလမှာ သူ့အဖေ ဦးဝင်းနဲ့အတူ အင်းစိန်ထောင်က ပြန်လွတ်လာခဲ့ကြတယ်။ ၁၉၆၉ ဒီဇင်ဘာမှာ သူ့အဖေနဲ့အတူ ထိုင်းနိုင်ငံကို ထွက်ပြေးလာစဉ် သူ့ဖခင် ဦးဝင်းဟာ နှလုံးရောဂါနဲ့ လမ်းမှာဘဲ ကွယ်လွန်သွားခဲ့တယ်။
သူဟာ ထိုင်းကိုရောက်တော့ ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးစီးတဲ့ ‘ပါလီမန်ဒီမိုကရေစီပါတီ’ (Parliamentary Democracy Party, PDP) မှာ ပါဝင် လှုပ်ရှားခဲ့တယ်။ သူဟာ PDP မှာ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ ‘ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်’ အထူးတပ်ရင်း (၁) ရဲ့ တပ်ရင်းမှူး (စစ်ရေးနှင့် နိုင်ငံရေးတာဝန်ခံ) အဖြစ်လည်းကောင်း၊ ‘ပြည်ချစ်လူငယ်တပ်ပေါင်းစု’ ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဗဟိုစိတ်ဓာတ်စစ်ဆင်ရေးဌာန၊ ပြည်ချစ်လူငယ်တပ်ပေါင်းစုအသံလွှင့်ဌာနရဲ့ တာဝန်ခံအဖြစ်လည်းကောင်း နိုင်ငံရေး စစ်ရေး တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။
၁၉၇၂ ခုနှစ်မှာ PDP ပါတီအတွင်း သူ့လူ ကိုယ့်လူ မွေးမှုကို အကြောင်းပြုပြီး ပုဂ္ဂိုလ်ရေး အကွဲအပြဲတွေ စဖြစ်ကြတယ်။ ဒါကြောင့် နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ခွဲထွက်ခွင့် တောင်းဆိုမှုတွေကြောင့် အကွဲအပြဲတွေဟာ ညှိနှိုင်းလို့ မရနိုင်လောက်အောင် ကြီးမားသွားခဲ့တယ်။ ပထမဆုံး ပေါ်ထွက်လာတဲ့ PDP ရဲ့ အကွဲအပြဲမှာ အထွေထွေအတွင်းရေးမှူး နေရှင်း ဦးလောရုံ နုတ်ထွက်ခြင်း ဖြစ်တယ်။ မေလထဲမှာ ဥက္ကဋ္ဌဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု နုတ်ထွက်လိုက်တယ်။ ဒီ့နောက်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီး လက်ျာက ပါတီဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး အဖြစ် ဦးသွင်တို့က ဆက်လက် ဦးဆောင်မှု ပေးခဲ့ကြတယ်။
နောက်ပိုင်းမှာ KNU နဲ့ PDP တို့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာကြလို့ KNU က PDP စခန်းကို ဝင်တိုက်တယ်။ ဒါကြောင့် ၁၉၇၈ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီး လက်ျာ ကျဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်ကြီး လက်ျာ ကျဆုံးပြီးနောက် ဦးသွင်က ဆက်လက် ဦးဆောင်မှု ပေးခဲ့ပေမဲ့ ကွဲပြီးရင်းသာ ကွဲနေကြတော့တယ်။ ထိုသို့ ကွဲနေပြဲနေကြစဉ်ကာလမှာ ၁၉၈ဝ ပြည့်နှစ် မေလ ၂၈ ရက်နေ့မှာ မဆလ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ၂/၈ဝ ကြေညာချက် ထွက်လာတယ်။ အဲဒီအချိန်မှာ ပါတီဝင်အများစုဟာ ပြည်တွင်းကို ပြန်ဝင်သွားကြပြီး PDP သည်လည်း နိဂုံးချုပ် သွားခဲ့ရတယ်။
ဦးတင်မောင်ဝင်းကတော့ ၁၉၇၆ ခုနှစ်ကတည်းက ထိုင်းနိုင်ငံက နှင်ထုတ်ခံခဲ့ရလို့ အမေရိကန်မှာ နိုင်ငံရေး ခိုလှုံ့ခွင့် တောင်းခံကာ သွားရောက် နေထိုင်ခဲ့တယ်။ အမေရိကန်မှာ နေထိုင်ရင်း ၁၉၈၆ စက်တင်ဘာလမှာ ဝါရှင်တန်မှာ ‘မြန်မာပြည်ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးဦးစီးကော်မတီ’ (Committee for Restoration of Democracy in Burma, CRDB) ကို ဦးရဲကျော်သူ၊ ဦးဘသောင်း၊ ဦးတင်မောင်သော်၊ ဦးတင်မောင် (သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း) တို့နဲ့အတူ ဦးစီး ထူထောင်ခဲ့တယ်။ CRDB ရဲ့ ဥက္ကဋ္ဌ အဖြစ် ၁၉၈၇ မှ ၁၉၉၇ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့တယ်။
၁၉၈၈ စက်တင်ဘာလမှာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းပြီးနောက် ကျောင်းသားတွေ ဒီမိုကရေစီ အင်အားစုတွေဟာ နယ်စပ်ဒေသအသီးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထံသို့ လာရောက် ခိုလှုံကြတဲ့အခါ သူဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားရှိ Cheaspeake Bay Sea-food Restaurant မန်နေဂျာ အလုပ်ကနေ ထွက်လိုက်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့တယ်။ အဲဒီနောက်မှာ ထိုင်း-မြန်မာ နယ်စပ်ဒေသသို့ လာရောက် အခြေချ နေထိုင်ပြီး အချိန်ပြည့် နိုင်ငံရေးသမားအဖြစ် ဒီမိုကရေစီရေးတိုက်ပွဲမှာ ပါဝင် လှုပ်ရှားခဲ့တော့တယ်။
၁၉၈၈ နိုဝင်ဘာလအတွင်းမှာ တိုင်ရင်းသား လက်နက်ကိုင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ကျောင်းသားတပ်မတော်တို့ အပါအဝင် အဖွဲ့အစည်း ၂၂ ဖွဲ့ ပူးပေါင်းပြီး ‘မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်’ (Democratic Alliance of Burma, DAB) ဖွဲ့စည်းနိုင်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် စည်းရုံး လှုပ်ရှားခဲ့တယ်။ DAB ဖွဲ့စည်းသည့်အခါ သူဟာ ပထမဆုံး အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းကို ခံခဲ့ရတယ်။ အဲဒီနောက် DAB ရဲ့ သဘာပတိအဖွဲ့ဝင်၊ ဒု-ဥက္ကဋ္ဌ စတဲ့ တာဝန်များတွေကိုလည်း ယူခဲ့တယ်။
၁၉၉၂ ခုနှစ်ဆန်းပိုင်းမှာ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democratic Front, NDF)၊ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma, DAB)၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma, NCBUG)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်) NLD-LA တို့ကို စုစည်းကာ ‘ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ’ (National Council of the Union of Burma, NCUB) တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ရာမှာ နိုင်ငံခြားရေးဌာနကို တွဲဖက် တာဝန်ယူခဲ့တယ်။
၁၉၉၇ ခုနှစ်က စပြီး ကွယ်လွန်ချိန်အထိ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။ ဒီမိုကရေစီ အင်အားစုတွေရဲ့ အာဘော်ကို ဖော်ပြနိုင်ရန်အတွက် ‘ခေတ်ပြိုင်ဂျာနယ်’ ကို ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလမှစပြီး ဦးစီးတည်ထောင် ထုတ်ဝေခဲ့တယ်။ ဒါတွေက သူ့ဘဝတလျှောက် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးသမားဘဝထဲက သမိုင်းဖြစ်စဉ် တချို့ပါဘဲ။
ဒီနေရာမှာ တခါတည်း ဦးတင်မောင်ဝင်းနဲ့ ပတ်သက်ပြီး လေးစားစရာ အတုယူစရာ ကောင်းတာတခုကို ထပ်ပြီး ပြောပြချင်သေးတယ်။ ၁၉၉၆ ခုနှစ်မှာ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးနဲ့ ပထမအကြိမ် DAB ညီလာခံ ကျင်းပတော့ ငါလည်း ကိုခိုင်မြတ်ကျော်နဲ့အတူတူ လိုက်ပါတက်ဖြစ်တယ်။ အဲဒီတုန်းက ကိုခိုင်မြတ်ကျော်က AASYC ရဲ့ ဥက္ကဌပေ့ါ။ သူဟာ AASYC ရဲ့ ပထမဆုံး ဥက္ကဌလည်း ဖြစ်တယ်။ အဲဒီညီလာခံကို ဗမာခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမြင့်ဇော် (ဥက္ကဌ-လူ့ဘောင်သစ်ပါတီ)၊ ဦးအေးဆောင် (အတွင်းရေးမှူး-ပြည်သူ့လွတ်မြောက်ရေးတပ်ဦး)၊ ဦးရောဘတ်ချို (ဘန်ကောက်ပိုစ့်သတင်းထောက်) နဲ့ သူအပါအဝင် ဗမာခေါင်းဆောင်တွေဟာ အစည်းအဝေးမစတင်မှီ တရက်အလိုကတည်းက စုပြီးတော့ တွေ့ဆုံ ဆွေးနွေးနေကြတာ တွေ့ရတယ်။
သူတို့ ကြိုးစားနေတာက မိုးသီးဇွန် ဦးဆောင်တဲ့ ABSDF နဲ့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ABSDF တို့ ကွဲနေတာကို ပြန်လည် ပေါင်းစည်းရေးအတွက်ဘဲ။ အဲဒီလို ဆွေးနွေးကြပြီးတော့ KNU ဥက္ကှဌ ဗိုလ်ချုပ်မြဆီ သွားပြီး ပေါင်းစည်းရေးလုပ်ပေးဖို့ တောင်းဆိုကြတာတွေကိုလည်း သိမြင်ခဲ့ရတယ်။ ဒီအချိန်မှာ ငါတို့တွေ မကြာခင် လပိုင်းအတွင်းက လုပ်လိုက်ကြတဲ့ ပေါင်းစည်းရေးဖြစ်တဲ့ ရက္ခိုင်ကျောင်းသားလူငယ်ညီလာခံကို သတိရမိတယ်။
ခုလို သူတို့ ဗမာခေါင်းဆောင်ပိုင်းတွေ လုပ်နေတာကို အားရမိတယ်။ သူတို့ လူကြီးတွေလည်း ဒီလို ကြိုးစားနေကြပါလား။ လူငယ်ကျောင်းသား ပေါင်းစည်းရေးကို သူတို့လူကြီးတွေ ကြိုးစားကြသလို ငါတို့လူကြီးတွေမှာရော ဒီလိုမျိုးတွေလုပ်ဖို့ အစီစဉ်ရှိလား။ လုပ်နေတာတွေ ကြိုးစားနေတာတွေကော ရှိလား.. လား …. လားလို့ပေါ့ တွေးမိခဲ့တယ်။
အဲဒီ ညီလာခံမှာဘဲ ဗိုလ်ချုပ်မြကို DAB ဥက္ကဌအဖြစ် ရွေးချယ်ကြတယ်။ ဒုဥက္ကဌရွေးဖို့ အလှည့်ရောက်တော့ ဗိုလ်ချုပ်မြက ပထမ အရွှန်းဖေါက်ပြီး ဦးတင်မောင်ဝင်းကို ခုလို မေးတယ်။
“ခင်ဗျား.. ယခင်ကာလတုန်းက ငါတို့ဆီမှာ နယ်မြေတောင်းပြီး လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက် ဒီ ကရင်နယ်မြေမှာ လူစုတပ်ထောင်ပြီး ရန်သူကိုတိုက်ဖို့ပြောလို့ ငါ နေရာပေးခဲ့တယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမဲ့ ခင်ဗျားက ဒီနေရာကနေပြီး ဗမာတွေ အမေရိကားရောက်ရေးကိုဘဲ လုပ်သွားတယ်နော် ..ဟုတ်လား”
လို့ စနောက်သလို ပြောတဲ့အခါ ဦးတင်မောင်ဝင်းက
“အဲဒီတုန်းက အဲလို မလုပ်ရင် မရတဲ့ အခြေအနေမို့ပါ”
လို့ ရီပြီး ပြန်ပြောတယ်။
“အခုတော့ အဲလို ဗမာတခုတည်းအတွက် လုပ်လို့ မရဘူးနော်”
လို့ ပြောဆိုပြီး ဒုဥက္ကဌနေရာအတွက် ဦးတင်မောင်ဝင်းကို ဗိုလ်ချုပ်မြကိုယ်တိုင် အဆို တင်သွင်းလိုက်တယ်။ ဒီအချိန်မှာ ဦးတင်မောင်ဝင်းက ပြန်ပြောတာက
“ကျနော်က CRDB မှာလည်း ထိပ်ပိုင်းတာဝန်ကို ယူထားရတယ်။ ပြီးတော့ ခေတ်ပြိုင်သတင်းစာကိုလည်း ဦးဆောင်ပြီး ထုတ်ဝေနေရသလို တခြားတာဝန်တွေ ယူနေရတာတွေလည်း ရှိနေပါသေးတယ်။ ကျနော် တာဝန်ယူထားတဲ့ နေရာတွေ များနေပါပြီ”
ဆိုပြီး စကားကို ခဏ ရပ်ထားတယ်။ သူဟာ တက်ရောက်လာကြသူများဘက်ကို စကားမပြောသေးဘဲ မျက်လုံးကို ဝေ့ဝိုက်ကြည့်လိုက်ပြီးမှ ပြောလိုက်တာက
“အခုခါမှာ DAB ဗဟိုမှာ လူငယ်မျိုးဆက်သစ် ခေါင်းဆောင်တွေ ပါဝင်လာဖို့ လိုအပ်နေပါတယ်။ အဲဒါကြောင့် အခုရှိနေတဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင် တယောက်ယောက်ကို တာဝန်ပေးတာကို ပိုလိုလားပါတယ်”
လို့ ပြောလိုက်ရာ အစည်းအဝေး တက်ရောက်လာသူတိုင်းက ဘယ်သူများ ဖြစ်လာမလဲလို့ စိတ်ဝင်စားသွားကြတယ်။ သူဆက်ပြောမဲ့ စကားသံကို အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး နားစွင့်နေကြတယ်။ သူက
“ကျနော် ထပ်လောင်း အဆိုတင်သွင်းလိုပါတယ်။ အခု ကွဲနေကြတဲ့ ABSDF နှစ်ဖွဲ့လည်း ပြန်လည်ပေါင်းစည်းဖို့ သဘောထား ကျသွားပြီဖြစ်တဲ့အတွက် အဒီ ABSDF က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးသီးဇွန်ဆိုရင် ခုန ဗိုလ်ချုပ်မြ အဆိုတင်သွင်းတဲ့ ကျနော့်နေရာမှာ သင့်တော်တယ်လို့ မြင်ပါတယ်။ ဒီတပ်ပေါင်းစုမှာ အခုလို မျိုးဆက်သစ်လူငယ်တွေ ပါဝင်ဖို့လိုသလို ပါဝင်ခွင့်ရဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကျနော့်အန်နဲ့ ကိုမိုးသီးဇွန်ကို အဆိုပြုပါတယ်”
လို့ အဆိုတင်သွင်းပြီး လူငယ်တယောက်ကို ဆွဲတင်လိုက်တာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတယ်။ အဲအချိန်တုန်းက အဖွဲ့အစည်းတိုင်းလိုလို ပုဂ္ဂိုလ်တိုင်းလိုလိုက လိုလားတဲ့နေရာ တော်လှန်ရေးမှာ ဩဇာအရှိဆုံးဖြစ်တဲ့ DAB အဖွဲ့အစည်းရဲ့ ဒုတိယခေါင်းဆောင်နေရာကို မိမိကိုယ်တိုင်မယူဘဲ အနာဂတ်ကိုမျှော်ကိုးကာ လက်လွှတ်ပြီး လူငယ်ခေါင်းဆောင်ကို တင်မြှောက်ပေးလိုက်တဲ့ သူ့ရဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်စိတ်ဓာတ်။ သူ့မှာ အခွင့်အရေးရတဲ့အခါ လက်တွေ့ကျကျ တည်ဆောက်ပေးတတ်တဲ့ ခေါင်းဆောင်ပါလားလို့ ငါ့ရင်ထဲက လေးလေးနက်နက် မှတ်ချက်ချမိလိုက်တယ်။
ဒီလို အဆိုတင်သွင်းပြီး လူငယ်ခေါင်းဆောင်တယောက်အတွက် မိမိရယူခွင့် ရှိတဲ့နေရာကို ဖယ်ပေးလိုက်တာကို တွေ့ မြင်လိုက်ရတော့ အော်.. ဒီလိုကြောင့် သူတို့တွေဟာ အခြားသူတွေထက် ပိုပြီး ဒီလို အပေါ်ကို ရောက်နေကြတာကိုး။ ငါတို့မှာကျတော့ ဒီလိုခေါင်းဆောင်တွေ နည်းလို့ မရှိလို့ ဒီလိုတွေ ဖြစ်နေတာပါလားလို့ ကောင်းကောင်း သဘောပေါက်လာမိတယ်။ ငါတို့မှာ ယခင်ကတည်းကရှိနေတဲ့ ခေါင်းဆောင်တွေထက် တော်တဲ့ ထက်တဲ့ ခေါင်းဆောင်တွေ မထွက်ပေါ်လာတာဟာ ဒီလို အခြေအနေတွေကြောင့်ဘဲ ဖြစ်နေတယ်ဆိုတာကို သဘောပေါက်မိတယ်။
ဒီလို DAB ညီလာခံမှာ KNU ဥက္ကဌ ဗိုလ်ချုပ်မြအပါအဝင် ကရင်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရတဲ့အချိန်မှာ ငါတို့ဟာ ငါတို့ရဲ့ အဖွဲ့အစည်းရဲ့ ပကတိအခြေအနေနဲ့ အနာဂတ် မျှော်လင့်ချက်တွေကို အခုလို
“ဗိုလ်ချုပ်မြ ခင်ဗျား.. လောလောဆယ် ကျနော်တို့ ရက္ခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များ အစည်းအရုံး AASYC မှာ တပ်အနေနဲ့ ရက္ခိုင်မျိုးဆက်သစ်တပ် ANGA ကို စတင်ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် KNU နယ်မြေမှာ တပ်အခြေစိုက်ခွင့်ပေးဖို့ အကူအညီ တောင်းခံလိုပါတယ်”
လို့ ဗိုလ်ချုပ်မြကို တင်ပြခဲ့တယ်။ သူက
“အေး.. ငါတို့က ရန်သူစစ်အာဏာရှင်တွေကို တကယ် တိုက်မဲ့ ခိုက်မဲ့သူ အားလုံးကို ကြိုဆိုတယ်။ လက်ခံတယ်။ မင်းတို့ ရက္ခိုင်တွေက တကယ် စွမ်းစွမ်းတမံ လုပ်ပြီဆိုရင် သူများတွေထက် ထူးချွန်တယ်ဆိုတာ သမိုင်းမှာ သက်သေထူပြီးသားပါ။ ဒါပေမဲ့ စိတ်ကူးယဉ် တော်လှန်ရေးတော့ မဖြစ်စေနဲ့ပေါ့”
လို့ ဗိုလ်ချုပ်မြဟာ ငါတို့ကို လူငယ်တွေဘဲဆိုပြီး ပေါ့ပေါ့တန်တန် သဘောမထားဘဲ အလေးတနက် ပြန်ပြောခဲ့တယ်။ ပြီးတော့ ငါတို့ဟာ ရလာတဲ့ အခြေအနေမှာ ပေးနေတဲ့ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး KNU-KNLA က တာဝန်ရှိသူတွေနဲ့ ထပ်ပြီး တွေ့ဆုံကာ တပ်နေရာ ချထားရေးတွေကို ဆွေးနွေးဖြစ်ခဲ့တယ်။ အဲဒီအကြောင်းနဲ့ပါတ်သက်ပြီး နောက်ပိုင်းမှာ ဆက်လက် ပြောပြသွားပါမယ်။
တော်လှန်ရေးကြီးတရပ် အောင်မြင်ဘို့ဆိုတာဟာ တိုက်ရဲခိုက်ရဲသူ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတွေ ရှိရုံသာမက ပညာပြည့်စုံသူ ဥစ္စာဓန ပြည့်စုံသူတွေလည်း ပူးပေါင်းပါဝင်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ကာယဗလ ညာဏဗလ ဘောဂဗလ မိတ္တဗလ စာရိတ္တဗလဆိုတဲ့ ဗလငါးတန်လုံး ပြည့်ဝဖို့ သိပ်ကို လိုအပ်မှန်း သိလာရတယ်။ ငါတို့ ရက္ခိုင်တွေရဲ့ တော်လှန်ရေးမှာ ဒါတွေ ပြည့်စုံရဲ့လားလို့မေးရင် မပြည့်စုံဘူးဆိုတာ ဖြေစရာတောင် လိုမယ်မထင်ပါဘူး။
သို့သော်လည်း ထိုမပြည့်စုံမှုကို ပြည့်စုံလာအောင် ကြိုးစားတည်ဆောက်ရမှာက ငါတို့ တာဝန်ဘဲလေ။
အနာရှိ ဆေးသိဆိုသလို ရက္ခိုင်ပညာတတ်တွေ ရက္ခိုင်သူဌေးတွေ ရက္ခိုင်လူစွမ်းကောင်းတွေ သတ္တိခဲတွေကို ဖက်ဆစ်အာဏာရှင်ရဲ့ စစ်ဖိနပ်အောက်က လွတ်မြောက်ရေးအတွက် အမျိုးသားရေးတာဝန်ကို ထမ်းရွက်လိုစိတ် ရှိလာအောင် စည်းရုံးလှုံ့ဆော်ပေးရမှာ သက်ဆိုင်သူ ငါတို့အားလုံး တာဝန်ယူပြီး လုပ်ဆောင်ရမှာဘဲ ဖြစ်တယ်။