အာရက္ခအားမာန် ရဲဘော်ကျော်ဟန် အပိုင်း ၃၆

ဌေးဝင်း

“ DAB ညီလာခံ တက်ရောက်ခြင်းနဲ့အတူ သိခွင့်ရခဲ့သည့် ခေါင်းဆောင်များရဲ့ စိတ်နေစိတ်ထားများ”

ညီလာခံရဲ့ ရလဒ်က မျှော်မှန်းထားသလို ရက္ခိုင်ကျောင်းသားလူငယ်တွေရဲ့ ဆုံချက် AASYC -ANGA ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ငါတို့လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတာနဲ့အတူ အဲဒီအဖွဲ့အစည်း ဆက်လက် ရှင်သန် တည်တံ့တိုးတက်ရေးအတွက် မနားမနေ ကြိုးစားကြရပြန်တယ်။ လူတယောက် မိသားစုတစ်စု တည်တံ့ရှင်သန်ရေးတောင် အလွန်ခက်ခဲတာ။ နိုင်ငံရေး တော်လှန်ရေး အဖွဲ့အစည်းဆိုတာ ပိုခက်ခဲတယ်ဆိုတာ ဦးဆောင် ပါဝင် ပတ်သက်ဖူးသူတိုင်း သိမှာပါ။

AASYC ရဲ့ ဗဟိုရုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန့်ကပိ အနီးအနားမှာ လျှို့ဝှက်စွာ ဖွင့်ထားတယ်။ အဲဒီမှာ ဗဟိုကော်မတီဝင်အချို့ နေထိုင်ပြီး အလုပ်လုပ်ကြတယ်။ ဒါကြောင့် AASYC ခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေဟာ တာဝန်ခွဲဝေပြီး ကျရာတာဝန်တွေကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြတယ်။ တပ်နေရာချထားရေးနဲ့ ဘဏ္ဍာရေး စည်းရုံးရေးတွေကို အားကြိုးမာန်တက် လှုပ်ရှားနေကြတုန်းမှာ KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင် ဆီက AASYC ဥက္ကဌ ခိုင်မြတ်ကျော်ကို ဖုန်းဆက်ပြီး ပြောလာတယ်။

“DAB တတိယအကြိမ် အစည်းအဝေးနဲ့ ပထမအကြိမ် ညီလာခံကို ခင်ဗျားတို့ကို ဖိတ်ထားတယ်။ ခင်ဗျားတို့ ဘယ်တော့ လာမှာလဲ”

လို့ မေးလာတော့ ကိုခိုင်မြတ်ကျော်က

“ကျနော်တို့ကို ဖိတ်ထားတာကို.. ကျနော်တို့ကို အကြောင်းကြားတာ မရှိသေးပါဘူး။ ဒီကိစ္စကို ဘာမှ မသိရပါလား။ ဒီလို အစည်းအဝေးကို ကျနော်တို့ သိပ်တက်ခွင့်ရချင်တာပေါ့”

လို့ ပြောတော့

“အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားတဲ့ စာရင်းမှာ ခင်ဗျားတို့ AASYC ပါတယ်ဆိုတာ ငါ အသေချာ သိတယ်။ ဖိတ်စာကို NDF က ဦးခိုင်စိုးနိုင်အောင် ဆီကတဆင့် ပို့ပေးထားတယ်။ ခင်ဗျားတို့ကို အကြောင်းမကြားသေးဘူးလား။ အချိန်က ကပ်နေပြီ။ ခင်ဗျားတို့ ဒီနေ့လာမှ မှီမှာဖြစ်တယ်”

လို့ ပြောလာတယ်။ ကိုခိုင်မြတ်ကျော်က

“ဒါဆို ကျနော်တို့ ဘယ်လို ဆက်လုပ်ရမှာလဲ ဖဒို။ အကြံပေးပါ”

လို့ပြောတော့

“ခဏနေအုံး။ ငါပြန်ပြောလာမယ်”

လို့ ပြောပြီး ဖုန်းချသွားတယ်။ နောက်မိနစ် (၂၀) လောက်အကြာမှာ သူ ပြောလာတယ်။

“ခင်ဗျားတို့ ကိုယ့်အစီစဉ်နဲ့ကိုယ် ချင်းမိုင်ကို မနက်ဖန်အရောက် လာခဲ့လိုက်။ ချင်းမိုင်ကနေ မဲဆောက်ကို ငါစီစဉ်ပေးမယ်”

ဆိုပြီး ပြောလာတယ်။

“ခင်ဗျားတို့ဆီ ပို့တဲ့ဖိတ်စာ ဦးခိုင်စိုးနိုင်အောင်ဆီကတဆင့် ပို့ပေးထားတယ်။ ခင်ဗျားတို့ သူ့ကို ဖုန်းဆက်မေးကြည့်လိုက်။ ပြီးရင် ချင်းမှိင်ကို (၅-၁-၁၉၉၆) နေ့ အရောက် တက်လာခဲ့ပါ။ ချင်းမိုင်ရောက်ရင် ငါ့ကို ဆက်သွယ်ပါ”

လို့ ပြောလာတယ်။ KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ဆီက ဖုန်းဆက်ပြီး ပြောလာတာကို ဥက္ကဌ ခိုင်မြတ်ကျော်က AASYC ရုံးမှာ ပြန်ပြောပြတယ်။

“ငါတို့ ဒီည ဘန်ကောက်က ထွက်နိုင်မှ အစည်းအဝေးကို မှီမှာ ဖြစ်တယ်။ DAB အစည်းအဝေးမှာ အဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေ ဆုံကြမယ်။ အဖွဲ့အစည်း ဖွဲ့ခါစဖြစ်တဲ့ ငါတို့အတွက် ဒီလို အစည်းအဝေးကို တက်ရောက်ခွင့်ရတာ ဂုဏ်ယူဝမ်းသာစရာ ကောင်းတယ်။ ဒီအစည်းအဝေးကို ငါတို့ သွားတက်ဖို့ လိုတယ်။ ကိုကျော်ဟန် ကျနော်နဲ့အတူ အစည်းအဝေးတက်ဖို့ သွားကြမယ်”

လို့ ပြောလာတယ်။ ငါလည်း အားတက်သရော ကိုခိုင်မြတ်ကျော်နဲ့အတူ လိုက်ပါလာတယ်။

ဘန်ကောက်ကနေ ချင်းမိုင်ကို ရောက်တဲ့အခါ ငါတို့နှစ်ယောက်ဟာ (BRC) Burmese Relief Centre က ဒါရိုက်တာ Miss Pippa အိမ်မှာ တည်းခိုကြတယ်။ ပြီးတော့ ဖဒိုမန်းငြိမ်းမောင်နဲ့ အဆက်အသွယ် လုပ်ကြတယ်။ သူက ခရီးသွားလက်မှတ်လုပ်ရန် (သို့မဟုတ်) လူကိုယ်တိုင် မဲဆောက်ထိ လိုက်ပို့ပေးရန် ချင်းမိုင်က မိတ်ဆွေတွေနဲ့ စီစဉ်ပေးတယ်။ လက်မှတ်လုပ်ရတာ အဆင်မပြေတာနဲ့ မိတ်ဆွေက ချက်ချင်းဘဲ ချင်းမိုင်ကနေ မဲဆောက်ကားဂိတ်ထိ လိုက်ပို့ပေးတယ်။ မဲဆောက်ကိုရောက်တော့ ကားဂိတ်အနီးကဘဲ ငါတို့ဟာ ဦးခိုင်စိုးနိုင်အောင်ဆီကို အဆက်သွယ်လုပ်ကာ သူဆီကိုသွားဖို့ ဆိုက္ကားငှါးနေတုန်းမှာဘဲ ရဲရောက်လာပြီး ဖမ်းပါလေရော။ ငါတို့မှာပါလာတဲ့ အထုပ်တွေကို ရဲက ရှာဖွေတဲ့အခါ အထုပ်ထဲမှာပါလာတဲ့ စာစောင်တွေ စာအုပ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို မြင်တွေ့တော့ ထိုင်းရဲက

“မင်းတို့ ကျောင်းသားတွေလား”

လို့ မေးတော့

“ဟုတ်တယ်”

လို့ ပြောလိုက်လို့ ငါတို့ ပြန်လွတ်လာတယ်။ အဲဒီနောက် ဆိုက္ကားငှါးစီးပြီး ဦးခိုင်စိုးနိုင်အောင်ရဲ့ အိမ်ကို ရောက်လာကြတယ်။ အဲဒီမှာ တစ်ညအိပ်ပြီး မနက်စောစော KNU က စီစဉ်ပေးတဲ့ ကားနဲ့ အုန်းဖန်ကို ဆက်သွားကြတယ်။ အုန်းဖန်ကိုရောက်တော့ အဲဒီက အိမ်တလုံးမှာ လူ (၁၅) ယောက်လောက် ငါတို့ထက်အရင် ရောက်ရှိနေတာကို တွေ့ရတယ်။ အဲဒီအိမ်မှာ တစ်ညအိပ်ပြီး မနက်စောစော ကား (၅) စီးနဲ့ ခရီး ဆက်ထွက်လာကြတယ်။ မနက် (၁၀) နာရီလောက်မှာ အစည်းအဝေးလုပ်မဲ့နေရာ KNU တပ်မဟာ (၆) ကို ရောက်သွားကြတယ်။ သက်ဆိုင်ရာက ချပေးထားတဲ့ နေရာတွေမှာ အနားယူသူက အနားယူကြတယ်။

ငါတို့ကတော့ ရောက်ရောက်ချင်းဘဲ အဲဒီမှာရှိနေကြတဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေနဲ့ အပြန်အလှန် မိတ်ဆက်ကြတယ်။ နေ့လည်စာစားပြီးမှ ကော်မတီက ချပေးထားတဲ့နေရာမှာ ငါတို့လည်း နားနေလိုက်ကြတယ်။

ညနေ (၄) နာရီလောက်မှာ ဦးတင်မောင်ဝင်း (CRDB) ဥက္ကဌ။ ကိုမြင့်ဇော် (DPNS) ဥက္ကဌ။ ဦးအေးဆောင် (PLF) အထွေထွေအတွင်းရေးမှူးနဲ့ နောက်ထပ် နာမည်မမှတ်မိတဲ့သူ (၃) ယောက်ဟာ စုပြီး စကားပြောနေကြတယ်။ ဦးအေးဆောင်က ငါတို့ကို အဲဒီနေရာကနေလှမ်းပြီး

“ဟေး.. ကျော်ဟန်တို့ .. လာ ဒီကို”

လို့ ခေါ်လို့ ငါတို့နှစ်ယောက် အဲဒီနေရာကို ရောက်သွားတော့ သူက ငါတို့ကို တခြားလူတွေနဲ့ မိတ်ဆက်ပေးတယ်။ သူမိတ်ဆက်ပေးတဲ့သူတွေထဲက တစ်ချို့ကိုတော့ သိပြီးသားတွေ ဖြစ်တယ်။

ငါက ဦးအောင်စိန်သာနဲ့အတူ ဦးအေးဆောင်ဆီကို သွားလာနေကျဆိုတော့ ဦးအေးဆောင်နဲ့ တော်တော် ရင်းနှီးနေပြီ ဖြစ်တယ်။ ငါသိသလောက် ဦးအေးဆောင် (PLF) အကြောင်းကို နည်းနည်းပြောချင်တယ်။ သူဟာ ဗမာလူမျိုး တက္ကသိုလ်ဘွဲ့ရ တစ်ယောက်ဖြစ်တယ်။ AIO ဥက္ကဌ မောင်ကျော်လှိုင်နဲ့ တက္ကသိုလ်တက်ဖက် မိတ်ဆွေတွေ လုပ်ဖေါ်ကိုင်ဖက်တွေ ဖြစ်ကြတယ်။ ပထမတုန်းက သူဟာ SSPP မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ SSPP က ထွက်ပြီး PLF ပြည်သူ့လွတ်မြောက်ရေးတပ်ဦးကို ဦးဆောင်ပြီး ထူထောင်သူ ဖြစ်တယ်။ သူဟာ ရဲရဲတောက် ကွန်မြူနစ်စစ်စစ် တစ်ယောက်ဖြစ်တယ်လို့ ငါယုံကြည်လက်ခံတယ်။ တော်လှန်ရေးမှာ ရန်ငါ စည်းပြတ်တဲ့သူလည်း ဖြစ်တယ်။ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ “ပြည်သူ့လွတ်မြောက်ရေးစာစောင်” ကို လစဉ် ထုတ်ဝေ ဖြန့်ချီတယ်။

သူ့အိမ်ခန်းကြီး ပတ်ပတ်လည်မှာ ကွန်မြူနစ်ခေါင်းဆောင်ပုံတွေ အပြည့် ချိတ်ကပ်ထားတာ တွေ့ရသလို သူ့ အခန်းထဲမှာ ပုလင်းခွံ အမျိုးပေါင်းစုံကို စုဆောင်းထားတာကိုလည်း အံ့ဩလောက်အောင် မြင်တွေ့ခဲ့ရတယ်။ သူနဲ့ မနက်ပိုင်းတွေဆို ချင်းမိုင်တက္ကသိုလ်မီးပွိင့်အနီးက စျေးကိုသွားရင် ငါ့ကို ခေါ်သွားလေ့ရှိတယ်။ သူ စျေးဝယ်ရင် အသီးအရွက်တွေ လမ်းဘေးမှာ ချရောင်းနေတဲ့ အသက်ကြီးကြီး ဆင်းရဲနွမ်းပါးတဲ့သူဆီကဘဲ ဝယ်တာ တွေ့ရတယ်။ စျေက အပြန်လမ်းမှာဆိုရင် ဆင်းရဲနွမ်းပါးတဲလူတွေရဲ့ ဘဝတွေကို စာနာမှူ ရှိရမယ်ဆိုတာတွေ ပြောပြတတ်တယ်။ အိမ်မှာ အတူရှိနေတုန်းမှာ သူပြောပြတာတွေထဲက မှတ်မှတ်ရရဖြစ်စေတဲ့ စကားတွေကတော့

“တော်လှန်းရေးသမားဟာ ပြည်သူကို မျက်နှာမူရမယ်။ ရန်ငါစည်း ပြတ်သားရမယ်။ မူ ပေါ်လစီကို လိုက်နာနိုင် ကျင့်သုံးနိုင် ဦးဆောင်နိုင်ရမယ်။ ရန်သူရဲ့အပြောင်းအလဲမှာ ကိုယ် လိုက်ပါပြောင်းလဲလို့ မရဘူး” ဆိုတဲ့ စကားတွေဟာ ငါ့အတွက် မှတ်မှတ်သားသား စကားတွေ ဖြစ်တယ်။ သူဟာ ငါ့ရဲ့ တော်လှန်ရေးလမ်းပြတွေထဲက လမ်းပြသူ တဦးလည်း ဖြစ်တယ်။

သူ ဘန်ကောက်ကို ရောက်လာတိုင်း ငါ့ကို ခေါ်တွေ့ပြီး မော်ချစ်ကားဂိတ်အနီးရှိ စနေ တနင်္ဂနွေစျေးကိုသွားပြီး လျှောက်လည်ပြကာ စာအုပ်အဟောင်းဆိုင်တွေက အင်္ဂလိပ်စာအုပ်တွေကို ရှာပြီး ဝယ်လေ့ရှိတယ်။ ခုံးတံတားပေါ်မှာ ရောင်းနေတဲ့ ပစ္စည်းတွေကိုလည်း ဝယ်ယူအားပေးတာတွေကလည်း သွားတိုင်းလိုလိုဘဲ ဖြစ်တယ်။ သူဟာ အရက်မသောက်။ ဆေးလိပ်မသောက်။ ကွမ်းမစား။

“ဒါ တော်လှန်ရေးနဲ့ မဆိုင်တဲ့အတွက် ငါနဲ့လည်း မဆိုင်ဘူး။ ဒါတွေဟာ အပိုတွေ ဖြစ်တယ်။ အရက်သောက်တာ ဆေးလိပ်သောက်တာ ကွမ်းစားတာဟာ အချိန်ကုန်တယ်။ ငွေကုန်တယ်”

လို့ ငါ့ကို ပြောဘူးတယ်။ ငါ့အနေနဲ့ သူ့ရဲ့ ရပ်တည်ချက်နဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားကို သိပ် လေးစားတယ်။ အသိအမှတ် ပြုတယ်။ ငါ့အတွက် စံပြတစ်ဦးလည်း ဖြစ်တယ်။

သူက အဲဒီအနားက လူတွေနဲ့ ငါတို့နှစ်ယောက်ကို မိတ်ဆက်ပေးရင်းနဲ့

“လာ.. ငါတို့ ပြောနေတဲ့ စကားဝိုင်းမှာ ထိုင်နားထောင်လို့ရတယ်။ အားမနာနဲ့။ ဒီမှာ ထိုင်ကြ”

လို့ ဦးအေးဆောင်က ပြောပြီးနောက် ငါတို့လည်း ဝင်ထိုင် နားထောင်နေလိုက်တယ်။ သူတို့ အဓိက ပြောနေကြတာက ABSDF နှစ်ဖွဲ့ကွဲနေကြတာကို ပြန်လည်ပေါင်းစည်းရေးအတွက် သူတို့အချင်းချင်း ဆွေးနွေးနေကြတာ ဖြစ်တယ်။

အဲဒါကို ပေါင်းစည်းရေး အလျှင်အမြန်နဲ့ နှစ်ဘက်လုံးက ကျေနပ် လက်ခံနိုင်လောက်အောင် ဘယ်လိုဘယ်က စလုပ်ရင် ကောင်းမှာလဲ။ ဒီအစည်းအဝေးမှာ အဖွဲ့လည်းစုံ ခေါင်းဆောင်လည်းစုံ ဆိုတော့ ဒီအစည်းအဝေးမှာ ရောက်ရှိလာကြတဲ့ နှစ်ဘက်ခေါင်းဆောင်တွေကို ငါတို့ အားလုံးစု ပြောကြရင် ကောင်းမယ် ဆိုတဲ့အကြောင်း ဆွေးနွေးကြတာကို ကြားသိရတယ်။ အဖွဲ့အစည်းက ခေါင်းဆောင်တွေက လူငယ်မျိုးဆက်တွေ ပြန်လည်ညီညွတ်ရေးအတွက် လူစုံတက်စုံ အခွင့်အရေးရတုန်း အချိန်ကိုလုပြီး ကြိုးစား ဆောင်ရွက်ကြတာကို မြင်ရတော့ အားရ ဝမ်းသာမိတယ်။

အဲဒီအချိန်မှာ ငါ ခံစားချက်တစ်ခုကို ပြင်းပြင်းပြပြ ခံစားမိတယ်။ အဲဒါကတော့ ရက္ခိုင်ကျောင်းသားတွေဟာ တကွဲတပြားစီ နိုင်ငံအသီးသီး ဒေသအသီးသီးမှာ စုဖွဲ့ လှုပ်ရှားနေကြတယ်။ တချို့က အိန္ဒိယမှာ။ တချို့က ဘင်္ဂလားဒေ့ရှ်မှာ။ တချို့က ထိုင်းနိုင်ငံတို့မှာ။ ဒီလို တကွဲတပြားစီ ဖြစ်နေကြတဲ့ ရက္ခိုင်ကျောင်းသားလူငယ် အဖွ့းအစည်းတွေကို ငါတို့ရဲ့ ရက္ခိုင် တော်လှန်ရေးအဖွဲ့တွေက တစ်ဖွဲ့တည်း တစုတစည်းတည်း ဖြစ်အောင် ဒီခေါင်းဆောင်တွေလို အမြင် အသိမျိုးနဲ့ လုပ်ဆောင်ခဲ့ကြတာ မရှိခဲ့ပါလား ဆိုတာကိုပါပဲ။ ဆိုတာကို ပါပဲ။ ယုတ်စွအဆုံး ပြောရရင် ကျောင်းသားလူငယ်ညီလာခံလုပ်ပြီး စုစည်းလိုက်တဲ့ AASYC အဖွဲ့ ဖွဲ့ပြီးတဲ့ အချိန်မှာတောင် ကြိုဆိုကြောင်း ဝမ်းသာကြောင်းတို့ ကြေညာချက် ထုတ်ပြန်တာတို့ ဘာတို့ မရှိသလောက်ဘဲဆိုတာကို ငါ စဉ်းစားမိတယ်။ အဲဒါကြောင့် ငါတို့ရဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအဖွဲ့တွေဟာ ဒီလို သောင်မတင် ရေမကျ ဖြစ်နေတာလို့ ငါမြင်မိတယ်။

နောက်တစ်ခုက DAB ညီလာခံကို တက်ရောက်ဖို့အတွက် AASYC ကို ပေးတဲ့ဖိတ်စာက NDF က ရက္ခိုင်ခေါင်းဆောင်တစ်ယောက်ဆီကတဆင့် ပို့ပေးထားပါလျှက်နဲ့ AASYC ကို အကြောင်းကြား အသိပေးတာ မရှိသေးလို့ နောက်ကျနေတဲ့အတွက် ကရင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်က ဂရုတစိုက် အကြောင်းကြား အသိပေးပြီးမှ AASYC က သိလို့ ဒီအစည်းအဝေးကို တက်ရောက်ခွင့် ရခဲ့တယ်ဆိုတာ ဖြစ်တယ်။

အဲဒီ အစုအဝိုင်းမှာဘဲ ဦးအေးဆောင်ရဲ့ ဖိတ်ခေါ်မိတ်ဆက်ပေးမှုကြောင့် အစည်းအဝေးကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေကလည်း AASYC-ANGA အကြောင်းကို စိတ်ဝင်တစားနဲ့ မေးမြန်းကြတာကို ဥက္ကဌ ခိုင်မြတ်ကျော်က ပြောဆို ရှင်းပြ ဆွေးနွေးခဲ့တယ်။

DAB အစည်းအဝေးကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ KNU က ခေါင်းဆောင်တွေကို ငါတို့ တွေ့ဆုံ ရှင်းပြခွင့် အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့သလို KNU နယ်မြေထဲမှာ ANGA တပ် အခြေချခွင့် ရဖို့အတွက် အခြေအနေကောင်းတစ်ခုကို ရယူနိုင်ခဲ့တယ်။ အစည်းအဝေးကို အချိန်မှီ တက်ရောက်နိုင်ရန် အသိပေးခြင်း။ လမ်းခရီးအတွက် စီစဉ် ဆောင်ရွက်ပေးခြင်း။ KNU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ မိတ်ဆက်ပေးခြင်း။ ညီလာခံပြီးသည့် နောက်ပိုင်းမှာလည်း KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ် ရွှေဆိုင်း (ဒုဥက္ကဌ) ဗိုလ်ချုပ် တာမလာဘော စတဲ့ ခေါင်းဆောင်တွေ နေတဲ့နေရာတွေအထိ တွေ့ဆုံရန် စီစဉ်ပေးခြင်း စတာတွေကို ဂရုတစိုက် ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဖဒို မန်းငြိမ်းမောင်ကို အထူးဘဲ ကျေးဇူးတင်ပါတယ်။

အစည်းအဝေး ပြီးတဲ့နောက်ပိုင်းမှာ ဖဒိုမန်းငြိမ်းမောင်ဟာ KNU ဥက္ကဌ ဗိုလ်ချုပ်မြနဲ့ ငါတို့ကို ပေးတွေ့ရန် ကြိုတင် စီစဉ်ထားတယ်။ ငါတို့ဟာ ဖဒိုမန်းငြိမ်းမောင် စီစဉ်ပေးတဲ့နေရာ ညအိပ်ရမှာ ဖြစ်တယ်။ အဲဒီနေရာကတော့ ဖဒိုမန်းငြိမ်းမောင်နေတဲ့ စခန်းထဲက အဆောင်မှာ ဖြစ်တယ်။ အဲဒီနေ့ရဲ့ ညနေစာကို ဗိုလ်ချုပ်မြအိမ်မှာ တည်ခင်း ကျွေးမွေးတယ်။ အဲဒီလို ညစာစားရင်း ငါတို့ဟာ ဗိုလ်ချုပ်မြနဲ့ တရင်းတနှီး စကားပြောခွင့် ကြုံခဲ့ရတယ်။ ထမင်းစားပြီး ပြန်ရောက်တော့ ဖဒိုမန်းငြိမ်းမောင်က ငါတို့ကို ခုလို ပြောတယ်။

“မနက်ဖြန် မနက်စောစောပိုင်း ခင်ဗျားတို့နဲ့ ဗိုလ်ချုပ်မြ ဒီမှာလာတွေ့ စကားပြောဖို့ ရှိတယ်”

တဲ့။ ဒါကြောင့် ငါတို့လည်း မနက်ဖြန် ဗိုလ်ချုပ်မြနဲ့ တွေ့တဲ့အခါ စကားပြောစရာ တင်ပြစရာတွေကို ပြင်ဆင်ထားလိုက်ကြတယ်။

မနက်လင်းတော့ ငါတို့လည်း ဗိုလ်ချုပ်မြအလာကို ရေနွေးကြမ်းသောက်ရင်းနဲ့ စောင့်နေတုန်း. နံနက် (၈) နာရီလောက်မှာ KNU ဥက္ကဌ ဗိုလ်ချုပ်မြနဲ့အတူ ခေါင်းဆောင်တချို့ဟာ ငါတို့ရှိနေတဲ့ တောင်ကုန်းကို တက်လာကြတာကို မြင်ရတယ်။ ဒါကြောင့်မို့လို့ ဖဒိုမန်းငြိမ်းမောင်ဟာ အရင် ရှေ့ကိုထွက်ပြီး သွားရောက် ကြိုဆို နှုတ်ဆက်လိုက်တာကို ငါတို့ တွေ့ရတယ်။

ဗိုလ်ချုပ်မြနဲ့အတူ ပါလာသူတွေထဲမှာ ဖဒိုမန်းချာ။ ဦးခိုင်စိုးနိုင်အောင်။ ဦးတင်မောင်ဝင်းတို့နဲ့ နောက်တချို့လည်း ပါလာတာကို တွေ့ရတယ်။ ခဏကြာတော့ ဖဒိုမန်းငြိမ်းမောင်နဲ့အတူ ဗိုလ်ချုပ်မြ ဖဒိုမန်းချာနဲ့ နောက်တစ်ယောက်ဟာ ငါတို့ နားနေတဲ့ တဲကို ဦးတည်ပြီး လာကြတယ်။ ငါတို့လည်း ငါတို့ နေထိုင်ရာ တဲထဲက ထွက်လာပြီး လေးစားသမှုနဲ့ အရိုအသေပေးပြီး စောင့်ကြို နှုတ်ဆက်လိုက်ကြတယ်။ ဖဒိုမန်းငြိမ်းမောင်က ဗိုလ်ချုပ်မြတို့ကို သူ့တဲထဲမှာ နေရာထိုင်ခင်း ချပေးပြီးမှ ငါတို့ကိုခေါ်ကာ ဗိုလ်ချုပ်မြရှေ့မှာထိုင်ဖို့ နေရာချပေးလိုက်တယ်။ ငါတို့လည်း ရိုရိုကျိုးကျိုးလေးနဲ့ တဲထဲသို့ဝင်ကာ ဗိုလ်ချုပ်မြရဲ့ ရှေ့တည့်တည့်မှာ ထိုင်ဖို့ နေရာချထားတဲ့ နေရာမှာ ဝင်ထိုင်လိုက်တာနဲ့ ဗိုလ်ချုပ်မြက

“ဟေး.. နောက်ထပ် ခိုင်မိုးလင်းတွေ.. လာကြပြီ။ ဟုတ်တယ်မလား”

လို့ ဆိုပြီး ဗိုလ်ချုပ်မြက ရီရီပြုံးပြုံးနဲ့ဘဲ နှုတ်ဆက်ပြီး ပြောလိုက်တာက

“လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်က ဒီလိုနေရာမျိုးမှာ ခိုင်မိုးလင်းဟာ ငါနဲ့ တွေ့ဆုံပြီး ရက္ခိုင်ပြည် လွတ်မြောက်ရေးအတွက် ဆွေးနွေးဖူးတယ်။ သူတို့ ဖွဲစည်းထားတဲ့ ALP-ALA ရဲ့ အခြေခံ သဘောတရားကို ငါ့ကို ဆွေးနွေး တင်ပြပြီး ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် ဒီ KNU မှာ အခြေချပြီး KNU ရဲ့ ပံ့ပိုးမှု အကူအညီကို ရယူပြီး တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ စကားကို ငါ့ကို ပြောဖူးခဲ့တယ်။ အခု နှစ် (၂၀) အကြာမှာ နောက်ထပ် ခိုင်မိုးလင်းတွေနဲ့ ငါ အခု တွေ့နေရပြန်ပြီ ဖြစ်တယ်”

လို့ အစချီပြီးတော့

“တော်လှန်ရေးရဲ့ သဘောသဘာဝနဲ့ ခက်ခဲ့ကြမ်းတမ်းမှု ဒဏ်တွေကို ရင်ဆိုင်ဖို့ ခင်ဗျားတို့ အသင့်ဖြစ်နေကြပြီလို့တော့ ငါထင်တယ်။ ခင်ဗျားတို့ ရက္ခိုင်တွေရဲ့ ကြိုးစားမှုနဲ့ သတ္တိ ဇွဲ လုံ့လစိုက်မှုကိုတော့ သိတယ်။ အားရတယ်။ အားမရတာက ရက္ခိုင်ဧက ဒွေးမရ ပါဘဲ။ ရက္ခိုင်တွေ တစ်ယောက်ချင်းစီ တစ်မျိုးစီ ထူးချွန်ထက်မြက်ကြတယ်။ အဲဒီ ထူးချွန်ထက်မြက်သူနှစ်ယောက် ပေါင်းပြီး မလုပ်နိုင်တာလည်း ရက္ခိုင်ပဲ ဖြစ်တယ်။ ခေါင်းဆောင်အချင်းချင်း ပြိုင်ဆိုင်ကြတာ။ မနာလိုမှုတွေကြောင့် ခရီးမတွင်ခဲ့တာတွေကို ငါ့ကိုယ်တွေ့ မင်းတို့သိအောင် ပြောပြမယ်။ အခု”

ဆိုပြီး ငါတို့ကို ပြောပြလာတာကတော့

“ခိုင်မိုးလင်းဟာ တော်တော် ဇွဲလုံ့လစိုက်ကာ ကြိုးစားတယ်။ အသောက်အစား ကင်းတယ်။ ငါတို့ တပ်မှူး တပ်သားတွေလည်း သူ့ကို ချစ်ခင် လေးစားကြသလို ငါတို့ ခေါင်းဆောင်တွေကလည်း ရက္ခိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့ရော။ သူ့ရဲ့ တည်ကြည် ဖြောင့်မတ်မှုတွေအတွက်ပါ လေးလေးစားစားနဲ့ အသိအမှတ်ပြု ဆက်ဆံကြတယ်။ ခိုင်မိုးလင်းဟာ သူ့ရဲ့ တပ်ကို စည်းစနစ်တကျ ကိုင်တွယ်တဲ့အကြောင်း။ ခိုင်မိုးလင်းရဲ့ အထက်အောက် ဆက်ဆံရေး တည်ဆောက်မှုကောင်းကြောင်း ငါ သိရတယ်။ အဲဒီ တပ်မဟာက တပ်မှူးတွေနဲ့ ငါတို့ ကရင်တပ်တွေကလည်း ရက္ခိုင်တပ်ရဲ့ ကြိုးစားမှုကို အားကျ အသိအမှတ် ပြုကြတယ်။ ALP ခေါင်းဆောင်တွေကြားမှာ ရဲဘော်တွေကြားမှာ ပြည်သူတွေကြားမှာ ခိုင်မိုးလင်းမှ ခိုင်မိုးလင်းဆိုပြီး အသိအမှတ် ပြုလာကြတယ်”

လို့ ပြောပြီး သူ့စကားကို ခဏရပ်ထားတယ်။ ပြီးမှ

“ဒါပေမဲ့ သူ အဲလို ကျော်ကြားလာတာကို သူ့အဖွဲ့ထဲကဘဲ မနာလိုတဲ့ ခေါင်းဆောင်တချို့ရှိနေတယ်ဆိုတာ ငါ သိရတယ်”

ငါတို့ကလည်း ဗိုလ်ချုပ်မြရဲ့ ပြောစကားကို အရမ်းဘဲ စိတ်ဝင်တစားနဲ့ နားထောင်နေကြတယ်။ ငါတို့ လေးစားတန်ဖိုးထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို ကရင့်တော်လှန်ရေး ခေါင်းဆောင်ကြီးတစ်ဦးက တလေးတစား အသိအမှတ်ပြု ပြောဆိုနေသလို တစ်ဘက်မှာလည်း ကိုယ့်ခေါင်းဆောင်က ပတ်ဝန်းကျင် မဟာမိတ်တွေကြားမှာ မိမိအဖွဲ့အစည်းမှာ ဩဇာတက်လာတာကို ကိုယ့်အဖွဲ့က ခေါင်းဆောင်တချို့က မနာလို မရှုစိမ့် ဖြစ်ခြင်းကို ခံနေရတယ်လို့ ကြားလိုက်ရတဲ့အခါ မှင်သက် အံ့ဩမိတယ်။

ဗိုလ်ချုပ်မြက ဆက်ပြီး

“ဗိုလ်ခိုင်မိုးလင်း ဒီလို ဖြစ်သွားရတာ သူ့ကို အချင်းချင်းက နောက်ကြောကို ဓားနဲ့ ထိုးသတ်တာကြောင့် သူ ဒီလို ဖြစ်သွားခဲ့ရတာ”

လို့ တော်တော် စိတ်မကောင်းတဲ့ ပုံစံ ခံစားမှုနဲ့ ပြောပြတယ်။ သူ တွေ့ဆုံဖူးခဲ့တဲ့ ခိုင်မိုးလင်းနဲ့ ပတ်သက်လို့ ဆက်လက် ပြောပြတာက

“တိုက်ပွဲတွေမှာ ငါတို့နဲ့အတူ တိုက်တာတွေလည်း ရှိတယ်။ ရက္ခိုင်တပ်ထဲမှာရော အားလုံးက ခိုင်မိုးလင်းမှ ခိုင်မိုးလင်း။ ကရင်တွေကြားထဲမှာလည်း ခိုင်မိုးလင်းဆိုပြီး ခိုင်မိုးလင်း ဩဇာတက်လာတာတွေကို အားရစရာ ကြားသိနေရတယ်။ တခါက တိုက်ပွဲတစ်ခုမှာ ရက္ခိုင်ရဲဘော်နှစ်ယောက် ကျသွားတယ်။ အဲဒီက စတာဘဲ။ သိပ်မကြာခင်မှာဘဲ မဆလစစ်တပ်က ဝါဒဖြန့်သလိုလို အခြားတစ်အုပ်စုက ဝါဒဖြန့်သလိုလို ထင်ရတဲ့ စာတွေကို သစ်ပင်တွေမှာ ကပ်ထားတာ တွေ့လာရတယ်။ အမျိုးမြတ်ရက္ခိုင်တွေ ကရင်ပြည်မှာလာပြီး ကရင်တွေအတွက် ရက္ခိုင်တွေ ကရင်ပြည်မှာ အသက်တွေ စတေးခံနေကြတယ်။ စတေးခံချင်းအတူတူ ရက္ခိုင်ပြည်မှာ ရက္ခိုင်တွေအတွက် တိုက်ပြီး စတေးခံရမှာ ဖြစ်တယ်လို့ အဓိပ္ပါယ် သက်ရောက်တဲ့ စာတွေကို သစ်ပင်တွေမှာ ကပ်တာ တွေ့ရတယ်။ သိပ်မကြာပါဘူး။ ရက္ခိုင်တပ်ထဲက အသံထွက်လာတယ်။ ရက္ခိုင်ကိုပြန်ပြီး ရက္ခိုင်မှာ သွားတိုက်ရတော့မယ် ဆိုတဲ့ စကားတွေကို ရက္ခိုင်တပ်က ရဲဘော်တွေ ပြောနေကြပြီ ဆိုတာကို။ သိပ်မကြာဘူး ဗိုလ်ခိုင်မိုးလင်းက ငါ့ဆီ တင်ပြလာတယ်။ ကရင်မှာရှိနေတဲ့ သူတို့ရဲ့တပ် ရက္ခိုင်ကို သွားတော့မယ်လို့ ဗဟိုကို တင်ပြလာတယ်”

ဗိုလ်ချုပ်မြဟာ စကားကို အရှည်ကြီး ပြောလာပြီးနောက် ခဏ ရပ်ထားပြန်တယ်။ ပြီးမှ ဆက်ပြီး ပြောတာက

“ငါက လက်ရှိ မြေပြင်အခြေအနေကို ချပြ ပြောပြလိုက်တာက ခင်ဗျားတို့ ခရီးစဉ်အတွက် ငါ မြိတ် ထားဝယ်ဘက်ကနေ ရေလမ်းကြောင်းနဲ့ အစီစဉ် ဆွဲထားတာ ရှိတယ်။ ခင်ဗျားတို့မှာ အခုရှိနေတဲ့ အင်အား (၂၀၀) လောက်နဲ့ မြေပြင်က သွားဖို့ မဖြစ်နိုင်သေးဘူးလို့ အသေအချာ ပြောပြကာ။ ခင်ဗျားတို့ ခေါင်းဆောင်တွေ ရဲဘော်တွေကို ထပ်ပြီး ပြောဆို စည်းရုံးကြည့်လိုက်ပါ။ အေး.. ငါ တစ်ခုပြောချင်တာက ခင်ဗျားတို့ရဲ့ ရက္ခိုင်ရဲဘော်အင်အား (၂၀၀) ပိုရှိနေလို့လည်း ငါတို့ KNU က ချက်ချင်း တိုက်ပွဲနိုင်သွားမှာ မဟုတ်သလို ဒီအင်အား (၂၀၀) ကရင်ပြည်မှာ မရှိလို့လည်း ငါတို့ တော်လှန်ရေး ကျရှုံးသွားမှာ မဟုတ်ပါဘူး။ ရက္ခိုင်ပြည်က မဟာမိတ်နယ်မြေမှာ အင်အားကောင်းတဲ့ လက်နက်ကိုင်တပ်တစ်ခု ထပ်တိုးလာဖိ့်အတွက်ဘဲ ငါတို့ ရည်ရွယ်တာ ဖြစ်တယ်။ ဗိုလ်ခိုင်မိုးလင်း ခင်ဗျားလူတွေနဲ့ ထပ်တွေ့ပြီး ငါပြောပြတာတွေကို ပြောပြီး စည်းရုံးကြည့်ပါ။ ဒါက ခင်ဗျားတို့ရဲ့ အဆုံးအဖြတ်ဘဲ ဖြစ်တယ်။ ခင်ဗျား အချိန်တစ်ပတ် ယူပါ။ နောက်အပတ် ဒီနေ့ ဒီအချိန် ဒီနေရာမှာ ထပ်တွေ့ကြမယ်”

လို့ ပြောပြီး ဗိုလ်ချုပ်မြဟာ ခဏနားကာ ငါတို့တွေကို စိုက်ကြည့်နေတယ်။ ပြီးနောက်

“တစ်ပတ်ပြည့်တဲ့နေ့မှာဘဲ ခိုင်မိုးလင်းဟာ သူတစ်ယောက်တည်း လာတယ်။ တောင်ကုန်းကို တက်လာတဲ့ သူ့ ခြေလှမ်းတွေ လေးလေးလံလံ ဖြစ်နေတာကို ငါသတိထားမိတယ်။ သူဆောင်းနေကျ လျှာထိုးဦးထုပ်ကို အောက်ကို နဲနဲ ပိုဆွဲချပြီး ဆောင်ထားတာ ငါမြင်တွေ့တော့ ဗိုလ်ခိုင်မိုးလင်းဟာ သူ့လူတွေကို သူစည်းရုံးတာ မအောင်မြင်ဘူး ဖြစ်လိမ့်မယ်လို့ ငါ တွက်လိုက်တယ်။ ငါ ထင်တဲ့အတိုင်းပါပဲ သူက ငါ့ကို ပြောတာက ကျနော်တို့ ရက္ခိုင်ပြည်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျနော်တို့ကို ဒီက ပြန်ဖို့ခရီးစဉ်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ ဗိုလ်ချုပ်လို့ ငါ့ကိုပြောတော့ ငါလည်း ကောင်းပြီ ငါတို့ အကောင်းဆုံးဖြစ်အောင် စီစဉ် ဆောင်ရွက်ပေးမယ်၊ လိုအပ်တဲ့ လက်နက်ခဲယမ်းကို ခင်ဗျားတို့ သယ်ယူနိုင်တဲ့ အခြေအနေနဲ့ ကိုက်ညီအောင် စီစဉ်ပေးမယ်လို့ ပြောလိုက်တယ်။ သူမပြန်မီကလေးမှာ ငါ ထပ်ပြောလိုက်တာက ခင်ဗျားတို့ အခုခရီးစဉ်အတိုင်းသွားလို့ ခင်ဗျားတို့ သတ်မှတ်တဲ့ ရက္ခိုင်ပြည်တစ်နေရာကို သေနတ်တလက်နဲ့ လူတစ်ယောက် ရောက်သွားရင် ငါ့ကို သတင်းပို့ပါ။ ခင်ဗျားတို့ ရောက်ရှိတဲ့ အဲဒီနေရာကို တစ်လအတွင်း ငါ စက်လှေတစ်စီးနဲ့အပြည့် လက်နက်ခဲယမ်း ပို့ပေးမယ်လို့ ပြောလိုက်တယ်။ ခိုင်မိုးလင်းတို့ နောက်ပိုင်း ဘာတွေ ဖြစ်သွားကြတယ်ဆိုတာ မင်းတို့ သိပြီးသား ဖြစ်မှာပါ။ ဒါကြောင့် တစ်နေ့ မင်းတို့တွေလည်း ရက္ခိုင်တော်လှန်ရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာကြမဲ့ သူတွေလို့ ငါ ယုံကြည်တာကြောင့် အရေးအကြီးဆုံး စကားတစ်ခွန်းကို မင်းတို့ကို ငါ ပြောပြချင်တယ်။ ခေါင်းဆောင်ဆိုတာ ဆုံးဖြတ်ချက် ချသူဘဲ ဖြစ်တယ်ကွ။ အောက်ခြေ နောက်လိုက်တွေဆီက ဆုံးဖြတ်ချက်ကို တောင်းရတဲ့သူ မဟုတ်ဘူး။ စစ်ခေါင်းဆောင်ဆိုရင် ပိုတောင် အရေးကြီးသေးတယ်။ ဒါကို ကြိုက်သလား မကြိုက်ဘူးလားလို့ လက်ညှိုးထောင်ပြီး သဘောတူညီချက် တောင်းယူပြီး လုပ်နေရတာမျိုး မဟုတ်ဘူး”

ဆိုပြီး ဗိုလ်ချုပ်မြဟာ ငါတို့ကို အတိတ်က သင်္ခန်းစာတွေကိုသာမက အနာဂတ်မှာ ကျင့်သုံးရမဲ့ ဩဝါဒစကားကိုပါ စေတနာအပြည့်နဲ့ ထည့်သွင်းပြောဆို သွားခဲ့ပါတယ်။

“နောက်ဆုံးတစ်ခု ထပ်ပြောချင်တာက ခင်ဗျားတို့ ရက္ခိုင်တွေ အရက်မူးရင် သွေး တအားဆိုးတယ်။ ABSDF (Arakan) ဗဟို ကော်မတီဝင် ရွှေအေး။ သူဟာ တော်တော် ထက်မြက်တယ်လို့ ငါတို့ သိရတယ်။ ခက်တာက သူဟာ အရက်ကို တော်တော်ကြိုက်သလို သောက်တာလည်း အရမ်းများတယ်။ တစ်ခါက သူ အရက်မူးပြီးမှ ငါတို့ တပ်မှူးကို သေနတ်နဲ့ပစ်တာ။ သူ့ သေနတ်က မပေါက်တော့ သူ့ကိုဘဲ အဲဒီတပ်မှူးရဲ့ ကိုယ်ရံတော်က ဦးအောင် ပစ်လိုက်ရတာမျိုး ရှိခဲ့ဖူးတယ်။ ငါတို့လည်း ဒီအတွက် စိတ်မကောင်းပါဘူး”

လို့ ဗိုလ်ချုပ်မြ ပြောပြတဲ့ ငါတို့ရှေ့က အတိတ်သမိုင်းတွေကို တဝကြီး သိခွင့်ရလိုက်တယ်။ ငါ့အတွက်ကတော့ ဒီညီလာခံ ခရီးစဉ်ဟာ AASYC ကခေါင်းဆောင်တွေရဲ့ အလွန် တန်ဖိုးကြီးတဲ့ ခရီးစဉ်လို့ မှတ်ချက်ချမိတယ်။

ဒီခရီးစဉ်ကြောင့် ငါတို့ကို ဗိုလ်ချုပ်မြ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နိုင်ငံရေး အင်အားစုတွေက အသိအမှတ်ပြု ဆက်ဆံခဲ့ကြသလို. ငါတို့ကို ဗိုလ်ချုပ်မြလို တော်လှန်ရေး အင်အားစု အားလုံးက အလေးအမြတ်ထားရတဲ့ ပုဂ္ဂိုလ်ကြီးက ငါတို့ရက္ခိုင်တွေ အလေးထားတဲ့ ALP ရဲ့ သူရဲကောင်း ဥက္ကဌ ခိုင်မိုးလင်းနဲ့တင်စားပြီး ခိုင်မိုးလင်းတွေရယ်လို့ ခေါ်ဝေါ် နှုတ်ဆက်ခြင်းဟာ ငါတို့ကို ချီးကျူးထောပနာ ပြုတာဘဲ မဟုတ်လား။ ခိုင်မိုးလင်း ကျဆုံးသလိုမျိုး နောက်ထပ် မဖြစ်စေရအောင် သတိပေးတာဘဲ မဟုတ်လား။

ငါတို့ လူမျိုးတွေရဲ့ ကောင်းတဲ့ စရိုက်နဲ့ မကောင်းတဲ့ စရိုက်ကို ယှဉ်တွဲပြီး ပြောပြတာတွေဟာ နောင်အနာဂတ်မှာ ရက္ခိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မဟာမိတ်နယ်မြေမှာ ရပ်တည်ပြီး တော်လှန်ရေး ခရီးရှည်ကို လျှောက်လှမ်းတဲ့အခါ စစ်ရေးအမြင်နဲ့ အရည်အသွေး ပြည့်ဝစွာနဲ့ စစ်ဆင်ရေး လုပ်ငန်းစဉ်တွေကို ရေးဆွဲတဲ့အခါမျိုးမှာ သေသေချာချာ ရေးဆွဲနိုင်ရမယ်လို့ ငါတို့ကို သွန်သင် နည်းပြ ဆိုဆုံးမနေတာဘဲ မဟုတ်လား။

ဒီနေရာမှာ ဗိုလ်ချုပ်မြ အဓိက ရည်ညွှန်းပြောဆိုလိုတာက စစ်ဆင်ရေးမှာ ဒီမိုကရေစီနည်းနဲ့ သဘောထား ကောက်ယူ ရေးဆွဲလို့မရ။ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ဟာ အဓိက ဖြစ်တယ်။ ခိုင်မိုးလင်းက ရက္ခိုင်ကို ပြန်ရန် အခြေအနေ မပေးသေးဆိုတာကို သိလို့ မပြန်ဖို့ စည်းရုံးတာ မအောင်မြင်ခဲ့ဘူး။ ခေါင်းဆောင်အချို့နဲ့ အောက်ခြေအများစုက ပြန်ရန် ဆန္ဒပြုသူ များတဲ့အပေါ်မှာ ခိုင်မိုးလင်းက အများဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချလိုက်ရတဲ့အတွက် ရည်ရွယ်ချက် မအောင်မြင်ဘဲ လမ်းခရီးမှာ ကျဆုံးသွားခဲ့ရတယ်လို့ ဆိုလိုတာလို့ ငါ နားလည်လိုက်တယ်။

Related posts

နှင်းဆီးပန်း ရင်ထိုးတပ်လို့ ပိုင်ဇေရဲထွန်းကို တပ်ထောက်ခံသူတွေက အရေးယူခိုင်းနေ

ကျောက်တော် ဗုံးကြဲခံရမှုတွင် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၉ ဦးထိ ရှိလာ

စာရေးဆရာ နဲ့ ဒါရိုက်တာ မင်းခိုက်စိုးစန် ကွယ်လွန်