အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို ရွေးတုအစိုးရတပ်က ဇွန်လ ၁၇ ရက် နေ့လည် ၃ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂၃ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၉ ဦးအထိ ရှိလာနေပြီလို့ သိရပါတယ်။
“ မနေ့ညက (ဇွန် ၁၉) အရီးတစ်ယောက် ထပ်ဆုံးပါတယ်။ ဒဏ်ရာက ပြင်းထန်တယ်လေ။ ပိုက်သည်ရပ်ကွက်ကပါ” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရရဲ့ လေးကြောင်းတိုက်ခိုက်မှုကြောင့် ထပ်မံ သေဆုံးသွားသူမှာ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက် ဒုံးချောင်းပိုင်းနေ အသက် ၆၂ နှစ်အရွယ် ဒေါ်မအေးလှဖြစ်တယ်လို့ သိရပါတယ်။
ရွေးတုအစိုးရတပ်ဟာ ကျောက်တော်မြို့နယ်ကို ပထမအကြိမ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်၊ ညနေ (၃) နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာ (၂) စီးနဲ့ ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် စုစုပေါင်း အရပ်သား ပြည်သူများ နေထိုင်တဲ့ နေရာ (၅) ခုကို Rocket သီး (၁၃) လုံး နဲ့ ပေါင် (၅၀၀) ဗုံး (၃) လုံး အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။
အလားတူ ဒုတိယအကြိမ်အဖြစ် ဂျက်ဖိုက်တာ (၂) စီးနဲ့ ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ပေါင် (၅၀၀) ဗုံး (၄) လုံး၊ ပေါင် (၃၀၀) ဗုံး (၁) လုံး၊ Rocket သီး (၂) လုံးနဲ့ ဆက်လက် အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါကဲ့သို့ ရွေးတုအစိုးရတပ်ရဲ့ တစ်နာရီနီးပါးကြာတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ (၈) ဦးသေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအပါအဝင် အဆောက်အအုံ (၃၀) ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။