■ အီရန်နွံမှာ ကျွံသထက်ကျွံနေတဲ့ ဒေါ်နယ်ထရမ့်

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒသမိုင်းကတော့ အီရန်အရေးနဲ့ပဲ မှတ်ကျောက်တင်ခံရမယ့်ပုံ ပေါ်နေပါတယ်။ လတ်တလော အခြေအနေက မဟန်လှပါဘူး။ စစ်ပွဲက ပြန်စနေပြီ။ ဒါပေမဲ့ အမေရိကန်တို့ အောင်ပွဲဆင်မယ်လို့ ယုံရလောက်တဲ့ အစီအစဉ် ရှိမနေပါဘူး။

အမေရိကန် အမျိုးသားလုံခြုံရေး အသိုင်းအဝိုင်းကတော့ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကို စံနှုန်းတွေ လျှော့ချ သတ်မှတ်နေကြပါပြီ။ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ကာကွယ်ရေးဝန်ကြီး လုပ်ခဲ့တဲ့ မာ့ခ်အက်စပါက အမေရိကအနေနဲ့ အဓိက ရည်မှန်းချက်နှစ်ခု အောင်မြင်ရင် တင်းတိမ်နိုင်တယ်လို့ ဇူလိုင်လလယ်က ကျင်းပခဲ့တဲ့ အက်စပန်လုံခြုံရေးဖိုရမ်မှာ ဆိုပါတယ်။

ပထမတစ်ခုက ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းခ ပေးစရာမလိုဘဲ ပြန်ဖွင့်လှစ်နိုင်ဖို့ပါ။ ဒုတိယတစ်ခုကတော့ အိုဘားမား အစိုးရလက်ထက်မှာ အောင်မြင်ခဲ့တဲ့ အတိုင်းအတာအတိုင်း အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ တခြားနည်းနဲ့ ပြောရရင်တော့ အမေရိကရဲ့ ရည်မှန်းချက်ဟာ စစ်မဖြစ်ခင်က မူလအခြေအနေကို ပြန်ရောက်ဖို့ပဲ ဖြစ်သင့်တယ် ဆိုတဲ့ သဘောပါပဲ။

ဒါပေမဲ့ ဒီလို အခြေခံ ရည်မှန်းချက်တွေကိုတောင် ရချင်မှ ရမှာပါ။ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေဆီကနေ ဖြတ်သန်းခ ကောက်ခံဖို့ သန္နိဋ္ဌာန်ချထားပြီး အမေရိကအနေနဲ့ ဒါကို ဘယ်အတိုင်းအတာအထိ အဆုံးစွန် တားဆီးနိုင်မလဲဆိုတာ မြင်ရဖို့ ခက်ပါတယ်။ ဟော်မုဇ်မှာ ဖြတ်သန်းခ ကောက်တာဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ဝင်ငွေရနိုင်သလို အီရန်ဟာလည်း ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုတွေပေါ်မှာ အမြဲတမ်း ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အခွင့်အရေးမျိုး ရသွားပါလိမ့်မယ်။

အမေရိကန်ကတော့ ဒီလို အခြေအနေမျိုးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောဆိုထားပါတယ်။ ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ရုံနဲ့ ရေလက်ကြားကို အတင်းအကျပ် ပြန်ဖွင့်ခိုင်းနိုင်ဖို့ လုံးဝနီးပါး မဖြစ်နိုင်သလို အိမ်ဖြူတော်ကလည်း မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့ လတ်တလောမှာ ဆန္ဒမရှိပါဘူး။ အမေရိကန် အငြိမ်းစားဗိုလ်ချုပ်ကြီး ဘယ်ရီ မက်ခါဖရေး ကတော့ ဟော်မုဇ်အတွက် မြေပြင်စစ်ပွဲ ဆင်နွှဲရမယ်ဆိုရင် တပ်အင်အား ၆ သိန်း လိုအပ်မှာဖြစ်ပြီး ၁ နှစ်လောက် ကြာနိုင်တယ်လို့ တွက်ဆထားပါတယ်။

ဒါ့အပြင် အီရန်ကလည်း နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရှိန်မြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဆော်ဒီအာရေးဗီးယားကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ ပင်လယ်ရေချိုထုတ် စက်ရုံတွေနဲ့ ရေနံစင်တွေလို အဓိက အခြေခံအဆောက်အအုံတွေဟာ တိုက်ခိုက်ခံရဖို့ ထိလွယ်ရှလွယ် အလွန်ရှိနေတယ်ဆိုတာကို သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။

ကနဦး ပလန် A ဆီ ပြန်သွားခြင်း

အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေဆီက လာမယ့် ခြိမ်းခြောက်မှုဟာ နောင်လာမယ့် နှစ်တွေမှာ ပိုပြီး ပြင်းထန်လာမယ်ဆိုတာကို ထရမ့်အစိုးရက သိထားပါတယ်။ အီရန်ဟာ ဒူဘိုင်းလေဆိပ်၊ ကာတာရဲ့ ဓာတ်ငွေ့ စက်ရုံတွေနဲ့ ဒေသတွင်းက အမေရိကန် စစ်စခန်းတွေ အပါအဝင် ပစ်မှတ်မျိုးစုံကို ထိမှန်အောင် တိုက်ခိုက်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။

ဒါပေမဲ့ ရုရှားနဲ့ တရုတ်တို့ဆီက ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေနဲ့အတူ ဒရုန်းနဲ့ ဒုံးကျည်နည်းပညာတွေ အလျင်အမြန် တိုးတက်လာမှုကြောင့် များမကြာခင်မှာပဲ အီရန်ဟာ ပိုမိုတိကျပြီး အကွာအဝေး ပိုဝေးဝေး ပစ်ခတ်နိုင်တဲ့ လက်နက်တွေကို ပိုင်ဆိုင်လာနိုင်ခြေ အလွန်များတယ်လို့ ခန့်မှန်းပြီး အမေရိကန် စစ်ဗျူဟာမှူးတွေက စိုးရိမ်နေကြပါတယ်။

ဒီအခါကျရင် အီရန်အစိုးရရဲ့ တိုက်ခိုက်မှု ခံရနိုင်ခြေရှိတဲ့ ပစ်မှတ်တွေထဲမှာ အစ္စရေးရဲ့ ဒီမိုနာ နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း အမေရိကရဲ့ ဩဇာဖြန့်ကျက်မှုအတွက် အရေးပါတဲ့ ဒီယေဂိုဂါစီယာက အမေရိကန်စခန်းတွေ ပါဝင်လာပါတယ်။ အီရန်တွေဟာ ဒီစစ်ပွဲအစပိုင်းတုန်းက ဒီပစ်မှတ် နှစ်ခုလုံးရဲ့ အနီးအနားကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းကျရင် အောင်မြင်လာနိုင်ခြေ ရှိနေပါတယ်။

ဒါဆိုရင် အမေရိကအနေနဲ့ ဒီလို စိတ်ပျက်ဖွယ်ရာ အလားအလာကို ဘယ်လို တုံ့ပြန်နိုင်သလဲ။ အမေရိကအနေနဲ့ အီရန်ကို စေ့စပ်ညှိနှိုင်းမှုနဲ့ ဘယ်တော့မှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို ပိုမို နားလည်လာတာနဲ့အမျှ အီရန်မှာ အစိုးရအပြောင်းအလဲ လုပ်ဖို့ဆိုတဲ့ စိတ်ကူးဟာ ဝါရှင်တန်မှာ ပြန်လည် ခေါင်းထောင်လာနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်စစ်ပွဲ စတင်ခဲ့စဉ်က ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ရဲ့ မူလရည်မှန်းချက်ဟာ အစ္စလာမ္မစ် သမ္မတနိုင်ငံတော်ကို ပြိုလဲအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်မှု ကတစ်ဆင့် လူထုအုံကြွမှု ဖြစ်လာပြီး အီရန်ခေါင်းဆောင်ပိုင်း ပြုတ်ကျသွားမယ်ဆိုတဲ့ ဆန့်ကျင်တဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ မကြာမီမှာပဲ ပျက်စီးသွားခဲ့ပါတယ်။

လအနည်းငယ်ကြာတော့ အမေရိကန်ဟာ ပဋိပက္ခကို သံတမန်နည်းနဲ့ အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီတော့ အစိုးရအပြောင်းအလဲလုပ်ရေး စိတ်ကူးကို စွန့်လွှတ်လိုက်တဲ့သဘောလို့ ဆိုရမှာပါ။ အခုကျတော့ သံတမန်ရေးလည်း လုံးလုံး ပျက်စီးသွားပုံရပါတယ်။ ဒီတော့ ထရမ့်အစိုးရအဖွဲ့ထဲက အချို့အပိုင်းတွေဟာ မူလ စီမံကိန်း A ဖြစ်တဲ့ အီရန်အစိုးရကိုဖြုတ်ချရေးဆီ ပြန်လည်ကူးပြောင်း စဉ်းစားလာကြပြန်ပါတယ်။

ပိုကြီးမားတဲ့ အကျပ်အတည်းအတွက် မျိုးစေ့များ

ဒီစစ်ဗျူဟာရဲ့ အထင်ရှားဆုံး အစိတ်အပိုင်းကတော့ အီရန်အပေါ် စီးပွားရေးအရ ဖိအားပေးမှုတွေကို အရှိန်မြှင့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို အမေရိကန်က ပိတ်ဆို့တားဆီးတာကို ပြန်စနေပါပြီ။ လအနည်းငယ်အတွင်းမှာပဲ အီရန်ရဲ့ ရေနံဝင်ငွေ အများစုကို ပိတ်နိုင်မယ်၊ တိုင်းပြည်အတွင်း စီးပွားရေးအကျပ်အတည်းကို နက်နက်ရှိုင်းရှိုင်း ဖြစ်စေနိုင်မယ်လို့ အမေရိကန်တွေက ယုံကြည်နေကြပါတယ်။

ဒါ့အပြင် အမေရိကနဲ့ အစ္စရေးတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အီရန် အတွင်းလူတွေကိုလည်း ရှာဖွေနေကြပါတယ်။ ထူးထူးခြားခြား မြင်ခဲ့ရတာတစ်ခုက အစ္စရေးကို သွေးပျက်စရာ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ အီရန် သမ္မတဟောင်း မာမွတ်အာမာဒီနီဂျက်ကိုတောင် အစ္စရေးက အပြန် စည်းရုံးဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်ရပ်ပါ။ ဒီကြိုးပမ်းမှုက မအောင်မြင်ခဲ့ပါဘူး။

အီရန်နိုင်ငံအတွင်း ပြည်တွင်း အုံကြွမှုတွေ ဖြစ်ပေါ်အောင် ဆွပေးဖို့ဆိုတဲ့ စိတ်ကူးဟာလည်း ဝါရှင်တန်ရဲ့ အာဂျန်ဒါထဲကို ပြန်ရောက်လာပါတယ်။ ပဋိပက္ခ စတင်ချိန်က ကာ့ဒ်လူမျိုးတွေကို လက်နက်တပ်ဆင်ပေးဖို့ အစ္စရေးက တွန်းအားပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဝါရှင်တန်က ငြင်းပယ်ခဲ့ပေမဲ့ အခုအခါမှာတော့ ပိုကောင်းတဲ့ တခြားနည်းလမ်း မရှိတော့တာကြောင့် ဒီစိတ်ကူးကို ပြန်လည် အသက်သွင်းနိုင်ပါတယ်။

အီရန်ဟာ ဒီစစ်ပွဲကနေ ပိုပြီး အာဏာကြီးထွားတဲ့ အနေအထားနဲ့ ထွက်ပေါ်လာနိုင်တယ်ဆိုတာကို လက်ခံဖို့ ဝါရှင်တန်က တွန့်ဆုတ်နေတာကို နားလည်ပေးလို့ ရပါတယ်။ ခက်တာက ဒီအခြေအနေကို ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေတာပါ။

အီရန်နဲ့ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတိုင်းဟာ သေဆုံးဒဏ်ရာရသူ အသစ်တွေကို ဖြစ်ပေါ်စေပြီး အမေရိကန်ကို အရှေ့အလယ်ပိုင်း ရွှံ့နွံထဲ ပိုမို နက်ရှိုင်းစွာ ဆွဲသွင်းသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဖြစ်ပွားတဲ့ စစ်ပွဲဟာ အမေရိကန်ရဲ့ အရန်လက်နက် သိုလှောင်မှုတွေကို လျင်မြန်စွာ ကုန်ခမ်းစေခဲ့ပြီးပါပြီ။ အီရန်နဲ့ စစ်ပွဲရဲ့ အစောပိုင်း သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ အမေရိကန်ဟာ သူ့မှာရှိတဲ့ တိုမာဟော့ဒုံးကျည်ထဲက ၃၀ ရာခိုင်နှုန်းနဲ့ ထက်ထရီယော့ လေကြောင်းကာကွယ်ရေး ဒုံးကျည်ရဲ့ ၅၀ ရာခိုင်နှုန်းကို သုံးစွဲခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားရပါတယ်။

ဒီလက်နက် တော်တော်များများဟာ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ပဋိပက္ခအတွက် သီးသန့် လျာထားတာတွေ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ လက်နက်တိုက်ကို ပြန်လည် ဖြည့်တင်းဖို့ ဆိုရင် နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါဆိုရင် တရုတ်နိုင်ငံအတွက် စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ အခွင့်အလမ်းတစ်ရပ် ပွင့်သွားနိုင်ပါတယ်။ အီရန်နဲ့ စစ်ပွဲဟာ လက်ရှိမှာ အမေရိကန်အစိုးရ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး နိုင်ငံတကာ အကျပ်အတည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ နောင်လာမယ့် နှစ်တွေမှာ ပိုမိုကြီးမားတဲ့ အကျပ်အတည်း ဖြစ်လာဖို့ အခြေအနေတွေကို ဖန်တီးပေးနေတာလည်း ဖြစ်နိုင်ပါတယ်။

ရဲမွန်လှ

Financial Times မှာဖော်ပြထားတဲ့ Trump is slipping into an Iran quagmire ကို ဘာသာပြန်ဆိုပါတယ်။

မူရင်းဓာတ်ပုံ – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အခေါင်းထဲ လဲလျောင်းနေပုံ သရုပ်ဖော်ထားတဲ့ ဧရာမဆိုင်းဘုတ်ကြီးကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က မြင်ရတာပါ။ ဓာတ်ပုံ – AFP

Related posts

စစ်တွေမှာ အယောင်ဆောင် အရပ်သားအစိုးရလက်ထက် ပြောင်းလဲမှု ဘာမှမရှိ

ငပလီကို ဗုံး ၃ လုံး ကြဲခံရလို့ ပြည်သူ ၅ ဦး ဒဏ်ရာရ

သံတွဲ၊ ငပလီတကြောကို ရွေးတုအစိုးရ ဂျက် ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်နေ