အာရက္ခတိုင်းမ်စ် (၂၃ ဇူလိုင် ၂၀၂၆)
ရွေးတုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ စစ်ကောင်စီ အုပ်ချုပ်မှု ကနေ ရွေးတုအစိုးရ တက်လာတဲ့ အယောင်ဆောင် အရပ်သား အစိုးရလက်ထက်မှာ ဘာမှ ပြောင်းလဲ ထူးခြားမှုမရှိဘဲ အရင်တိုင်းပဲဖြစ်ကြောင်း စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီ အုပ်ချုပ်မှုကနေ အယောင်ဆောင် အရပ်သား အစိုးရ အုပ်ချုပ်မှုအဖြစ် ပြောင်းလဲထားပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် ဘာမှ လုပ်ကိုင်ပေးတာမျိုး မတွေ့ရသေးဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ပြောင်းလဲမှုက တစ်ခုလည်းမရှိပါ။ အရင်တိုင်းပါပဲ။ အရင်ကနဲ့ ထူးခြားမှုလည်းမရှိ၊ ပြောင်းလဲလာတာလည်း မရှိ။ လုပ်ပေး ကိုင်ပေးမယ် ဆိုတာမျိုးလည်း တစ်ခုမှ မတွေ့ရပါဘူး။ ထူးခြားမှု တစ်ခုလည်း မရှိပါဘူး။ အဲဒီအတိုင်းက အဲဒီအတိုင်းပါပဲ။ ဒုံရင်းက ဒုံရင်းပါပဲ။ ပုံမှန်ကတော့ အရင် အစိုးရလက်ထက်တုန်းကလည်း ဒီအတိုင်းပါပဲ။ အခု အစိုးရ တက်လာတယ် အရပ်သား အစိုးရဆိုပေမယ့်လည်း ပြောမယ်ဆိုရင် အစိုးရတော့ အပြောင်းအလဲတော့ လုပ်သွားပြီပေါ့။ အဲဒီအစိုးရက ဘာတွေ လုပ်ရမလဲဆိုတာကို သူတို့မှာလည်း သူတို့ လုပ်ပုံလုပ်နည်းတွေကို သူတို့ လုပ်နေတာတွေလည်း ရှိချင်ရှိမှာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့ဟာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်မရရှိသေးသလို ရွေးတုအစိုးရက လေကြောင်းနဲ့ ရေကြောင်းကလွဲပြီး ကျန်တဲ့ ကုန်းလမ်းကြောင်းကို ကန့်သတ် ပိတ်ပင်ထားတာပါ။
ဒါကြောင့် ဒေသခံလူထုတွေဟာ ရေကြောင်းနဲ့ လေကြောင်းကနေ အခြေခံစားနပ်ရိက္ခာတွေ တင်ဆောင်လာတာကိုပဲ ဈေးကြီးပေးပြီး အမှီသဟဲပြု စားသောက်နေကြရတာ ဖြစ်ပါတယ်။
အဲဒီထဲကမှ ရေကြောင်းလမ်းက ကုန်တွေကိုသာ အဓိက အားကိုးနေရတာဖြစ်ပြီး သင်္ဘောနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ရာမှာလည်း ရာသီဥတုနဲ့ ဆီဈေးအပေါ်မူတည်ကာ ပုံမှန်အတိုင်း မလာရောက်တဲ့အတွက် ဒေသခံတွေဟာ အခက်အခဲဖြစ်ကြတယ်လို့ သိရပါတယ်။
ဒါကြောင့် သင်္ဘောတွေကို ပုံမှန် ဝင်ရောက်စေချင်ကြပြီး ရန်ကုန်ကနေ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးစေလိုတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေးကို ဘယ်လို ဖြစ်စေချင်လဲဆိုရင် ပုံမှန်သင်္ဘောဝင်နေတယ်၊ စားရေးသောက်ရေး လွယ်ကူအောင် ပုံမှန် သင်္ဘောတွေ ဝင်ပေးနေတယ်ဆိုရင်တော့ ရန်ကုန်ကလာတဲ့ ပစ္စည်းတွေကို ရောင်းချတယ်ဆိုရင် ပုံမှန်နှုန်းအတိုင်း ဈေးသက်သက်သာသာနဲ့ ဝယ်စားနိုင်ပါဖို့။ အခုက သင်္ဘောမလာဘူးဆိုတာနဲ့ စီးပွားရေးသမားတွေက အားလုံး သိမ်းလိုက်တယ်။ နည်းနည်းပါးပါးပဲ ထုတ်လို့ ရောင်းတယ်။ မရှိဘူး၊ မရှိဘူးဆိုပြီး။ ဒီအပတ်မှာ ကြက်သွန်နီ တစ်ပိဿာကို နှစ်သောင်းနှစ်ထောင်၊ စနေ၊ တနင်္ဂနွေဈေးသွားလို့ နှစ်သောင်းနှစ်ထောင် ဆိုရင် တနင်္လာ၊ အင်္ဂါလောက်မှာ သုံးသောင်းခွဲ၊ လာမယ့် စနေ၊ တနင်္ဂနွေမှာ လေးသောင်းဖြစ်သွားတယ်ဆိုရင် အခုပြီးသွားတဲ့ ဒီနေ့က တနင်္လာဆိုရင် ပြီးခဲ့တဲ့ စနေနေ့က လေးသောင်းဖြစ်သွားပါပြီ။ တကယ်လို့ သင်္ဘောသာ မရောက်သေးဘူးဆိုရင် လေးသောင်းထက်မက တက်လာဖို့ မြင်ပါတယ်။ အဓိကကတော့ သွားရေး၊ လာရေး အဆင်မပြေမှုတွေ ဆိုတာက သင်္ဘောတစ်ခု ပုံမှန်ဝင်နေတယ်ဆိုရင် ပစ္စည်းဝယ်ရတာက အခက်အခဲ နည်းနည်းပါးပါး ဈေးနှုန်းတွေ လျော့တာပေါ့။ နည်းနည်းပါးပါး အဆင်ပြေပါဖို့။ အရပ်သား အစိုးရလို့၊ စစ်ကောင်စီလို့တော့ မဟုတ်ပါမလား။ ဒီဘက်မှာ သွားလို့၊ လာလို့ မရ ဖြစ်နေတဲ့အနေထားမှာ စစ်တွေမြို့ဟာ ရန်ကုန်က လာမှ စားရတယ်ဆိုရင် ရန်ကုန်ကလာတဲ့ ပစ္စည်းတွေ သက်သာတယ်ဆိုရင်တော့ အဆင်ပြေပြေနဲ့ စားနေကြရမှာပေါ့” လို့ သူက ပြောပါတယ်။
စစ်တွေမြို့ဟာ ပြည်နယ်တွင်း အစိုးရ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့၊ ဗဟိုအစိုးရနဲ့ ချိတ်ဆက် လုပ်ကိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။
စစ်တွေမြို့ဟာ လတ်တလော စစ်ရေးအခြေအနေအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ထားတဲ့မြို့လည်း ဖြစ်နေတာပါ။
ရွေးတုအစိုးရတပ်လက်ထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေ ကျန်နေပေမဲ့ စစ်တွေကျရင် ရက္ခိုင်ပြည် ကျပြီဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။