အာရက္ခပြည်သူများ စံနမူနာယူစရာ မဟာသစ္စာသျှင်ဦးထွန်းအောင်

🖊️မင်းသုတ🖊️

အာရက္ခပြည်သည် မာရယုမင်းအစ မဟာသမ္မတရာဇာမင်းအထိ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး ဆိုသည့် ခေတ်ကြီးလေးခေတ်တွင် မင်းဆက်ပေါင်း နှစ်ရာကျော်၊ နန်းသက်ပေါင်း ငါးထောင်ကျော်တိုင်အောင် ခမ်းနားထည်ဝါစွာ နေထိုင်လာသည့် ဘုရင့်နိုင်ငံတော်တစ်ခု ဖြစ်ခဲ့သည်။ မာရယုမင်း၊ ဘုရင်မင်းဗာကြီး၊ မင်းရာဇာကြီးကဲ့သို့သော လက်ရုံးရည် ဘုန်းသမ္ဘာနှင့် ပြည့်စုံသောမင်းများ၊ ဘုရင်မင်းထီးကဲ့သို့သော တရားစောင့်ရာတွင် ထင်ရှားပြီး သက်တော်ရှည် ဘုရင်မင်းမြတ်၊ စန္ဒသူရိယဘုရင်နှင့် ဒသရာဇာကဲ့သို့သော သာသနာပြု မင်းကောင်း မင်းမြတ်များ၊ စန္ဒသုဓမ္မရာဇာကဲ့သို့သော နိုင်ငံတော်၏ ကုန်သွယ်ရေး၊ စီးပွါးရေးနှင့် ဘာသာ၊ သာသနာရေးများကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သည့် ဘုရင်၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများကို တိုးတက်စေခဲ့သည့်  အာနန္ဒစန္ဒြားမင်းကြီးကဲ့သို့သော ဘုရင် အစရှိသဖြင့် သူ့ခေတ်နှင့် သူ့အခါ၊ သူ့ဘုန်းတန်ခိုးနှင့်သူ၊ သူ့စွမ်းဆောင်ရည်နှင့်သူ ရက္ခိုင်ဘုရင့်နိုင်ငံတော်ကြီးကို စိုးစံ အုပ်ချုပ် မင်းလုပ်ခဲ့ကြသည်။

ဘုရင်တိုင်းနီးပါးတွင်လည်း နန်းတွင်းပညာရှိ သုခမိန်ပုဂ္ဂိုလ်များ ခန့်ထားလေ့ ရှိကြသည်။ ဘုရင်များ၏ ဘုန်းသမ္ဘာ၊ လုပ်ဆောင်နိုင်စွမ်း၊ နန်းတွင်းပညာရှိအမတ်များ၏ ဉာဏ်ပညာများဖြင့် ပေါင်းစပ်ကာ နိုင်ငံတော်ကို စည်ပင်ဝဖြိုး တိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။ တချို့သော ဘုရင်များသည် ပညာရှိ နန်းတွင်းအမတ်ကြီးများ၏ လောကီအတတ်ပညာရပ်များဖြင့် စီမံဖန်တီးကာ ရန်သူကို တိုက်ထုတ်ကြသည်မျိုးလည်း ရှိခဲ့သည်။ ထိုအထဲတွင် လောကီနည်းပညာရပ်များဖြင့် တိုင်းတပါးရန်ကို ကာကွယ်တိုက်ထုတ်ခဲ့သည့် နရပတိ အမည်ရှိသော မင်းတစ်ပါးလည်း သမိုင်းတွင် ထင်ရှားစွာ ရှိခဲ့သည်။

ထိုမင်းသည် မြောက်ဦးခေတ်၏ မင်းဆက်တစ်ပါး ဖြစ်သည်။ အဆိုပါ မင်းလက်ထက်တွင် ငသိုက်တက်၊ ငလက်ရုံးနှင့် ငကုသလဆိုသည့် နန်းတွင်းပညာရှိအမတ်များ ထင်ရှားခဲ့လေသည်။ တိုင်းပြည်၏ စီမံကိန်းများကို ရေးဆွဲ လုပ်ဆောင်ရာတွင် အဆိုပါ ပညာရှိအမတ် သုခမိန်ပုဂ္ဂိုလ်များ၏ အကြံဉာဏ်များကို ရယူလေ့ ရှိသည်။ ရက္ခိုင်သမိုင်းတွင် နာမည်ကြီး “၉၉လတ္တံ့” ဆိုသည်မှာ နရပတိမင်းလက်ထက်တွင် အဆိုပါ ပညာရှိ အမတ်ကြီးများက ဟောကိန်းထုတ်ပေးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အမတ်ပညာရှိများသည် ဉာဏ်ပညာရပ်များဖြင့် အတတ်ပညာရပ်များကို ပေါင်းစပ်ကာ “ယတြာခေါင်းလောင်း” (ခေါ်) ပြည်စောင့်ခေါင်းလောင်း တစ်လုံးကိုလည်း သွန်းလုပ်ခဲ့ကြသည်။ ထိုခေါင်းလောင်းသည်ကား သာမာန် အချက်ပေး ခေါင်းလောင်းမျိုးမဟုတ်ဘဲ လောကီနည်းပညာရပ် အစီအမံများဖြင့် ဖန်တီးပြုလုပ်ထားသည့် ခေါင်းလောင်းတော်မြတ်ပင် ဖြစ်ပေသည်။

ခေါင်းလောင်းကို အသုံးပြုပုံနှင့်ပတ်သက်၍ “သပ္ပဒါနပကာရဏကျမ်း” တွင် အနုစိပ်ကို ရေးသား ဖော်ပြထားသည်ကို သိရပါသည်။ ဒေါက်တာ အီမန်ညူဝယ်ဖော်ချမ်းမား၏ “ARAKAN” အမည်ရှိ (၁၈၉၁ ခုနှစ်၊ ရက္ခိုင်ပြည်ဆိုင်ရာရှေ့ဟောင်းသုတေသနအစီရင်ခံစာ) တွင်လည်း သပ္ပဒါနပကာရဏကျမ်းကို မှီငြိမ်းပြီး အနုစိပ်နီးပါးကို ဖော်ပြထားပါသည်။ ဒေါက်တာဖော်ချမ်းမား၏ “ARAKAN” စာအုပ်ကို “ဆရာဝေသာ” က ဘာသာပြန်ဆိုကာ ရိုးမတိုင်းမီဒီယာက ထုတ်ဝေထားသည်။  ဒေါက်တာဖော်ချမ်းမားသည် ယတြာခေါင်းလောင်းနှင့် ပတ်သက်၍ ပထမဆုံး ထုတ်ဖော်ရေးသားခဲ့သူဟု ဆိုကြသည်။ ရက္ခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းသည်လည်း ယတြာခေါင်းလောင်းနှင့် ပတ်သက်၍ ပြောကြား၊ ရေးသားခဲ့သည်ဟုလည်း သိရပါသည်။ သို့သော်လည်း ပဏ္ဍိတ်ကြီးဦးဦးသာထွန်းသည်ကား ယတြာခေါင်းလောင်းကြီးကို တွေ့မြင်ခဲ့ရခြင်း မရှိခဲ့ဘဲ အသက်ဇီဝိန် ချုပ်ငြိမ်းသွားခဲ့ရလေသည်။ ဒေါက်တာဖော်ချမ်းမား ရေးသားခဲ့ပြီး ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်း ပြောကြားခဲ့သည့် ယတြာခေါင်းလောင်းတော်ကြီးကို အဖိုးဦးအောင်ထွန်းသည် အသက်(၂၅)နှစ် လူငယ်အရွယ်ကတည်းက လျှို့ဝှက်စနစ်ဖြင့် ထိန်းသိမ်းလာခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံသို့ ယုံကြည်စိတ်ချစွာ အပ်နှံပေးလိုက်ခြင်းလည်း ဖြစ်သည်။ ခေါင်းလောင်းကိုအပ်နှံလိုက်ချိန်မှာ အသက် (၈၅) နှစ် ရှိပြီး ဖြစ်သည်။ နှစ်ပေါင်း (၆၀) တိတိ သစ္စာရှိရှိဖြင့် ထိန်းသိမ်း စောင့်ရှောက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ခေါင်းလောင်းကို လျှို့ဝှက်စနစ်ဖြင့် ထိန်းသိမ်းခဲ့ချိန်တွင် အဖိုးဦးထွန်းအောင်သည် ဖခင်ဖြစ်သူ ဦးချမ်းအောင်၊ ဦးလေးဖြစ်သူ (မိခင်၏ မောင်) ဦးမြအောင်၊ ယောက္ခမဖြစ်သူတို့နှင့်အတူ ယုံကြည်အားကိုးရသည့် မျိုးဆက်သစ်လူငယ်တစ်ယောက်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

မည်သည့်ခံယူချက်ကြောင့် နှစ်ပေါင်းများစွာ သစ္စာရှိရှိ ထိန်းသိမ်း စောင့်ရှောက်လာရခြင်း၏ ခံယူချက်နှင့် ပတ်သက်၍ အဖိုးဦးထွန်းအောင် ပြောပြရာမှာ “ဒီ ခေါင်းလောင်းက ငါ့အဖေ၊ ငါ့အဖိုး၊ ငါ့ဦးလေးတို့ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်လာတဲ့ ခေါင်းလောင်းကို ငါလည်း စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်လာခဲ့တာ။ ဒါက သမိုင်းပေးတဲ့ တာဝန်တစ်ခုလည်း ဖြစ်တယ်။ ဒီ ခေါင်းလောင်းက ရက္ခိုင်သမိုင်း၊ ရက္ခိုင်ပြည်နဲ့ ရက္ခိုင်လူမျိုးအတွက် တန်ဖိုးရှိတဲ့ခေါင်းလောင်းတစ်လုံး ဖြစ်တယ်။ မင်းတို့ လက်ထက်ကို ရောက်လာတဲ့အခါ ကိုယ့်ပြည်နဲ့ ကိုယ့်လူမျိုးအတွက် ယုံကြည်အားကိုးရတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းပေါ်ပေါက်လာလိမ့်မယ်။ အဲ့ဒီအခါ ဒီခေါင်းလောင်းကို ပေးအပ်လိုက်ပါ” ဆိုပြီး မှာကြားခဲ့တယ်။ အဲ့ဒါကြောင့် နှစ်ပေါင်းများစွာ ထိန်းသိမ်း စောင့်ရှောက်လာခဲ့တာ ဖြစ်တယ်။ အဖေ၊ အဖိုး၊ ဦးလေးတွေက မှာကြားခဲ့တယ် ဆိုတာထက် ရက္ခိင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ သမိုင်းပေး တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုပါသည်။

အဖိုးဦးထွန်းအောင်သည် သူ ဖြတ်သန်းလာသည့် သက်တမ်းတလျှောက်တွက် ဖ.ဆ.ပ.လ ခေတ်၊ အလံနီခေတ်များကို တွေ့ကြုံ ဖြတ်ကျော်လာခဲ့ရသည်။ ဗိုလ်ကြာလှအောင်ကဲ့သို့သော ရက္ခိုင်တော်လှန်ရေးသမားမျိုးနှင့်လည်း တွေ့ကြုံခဲ့ရသည်။ (ALP/ALA) ခေတ်ကိုလည်း တွေ့ကြုံခဲ့ရသည်။ ထိုခေတ် ထိုအချိန်ကာလများကလည်း ရက္ခိုင်ပြည်နှင့် ရက္ခိုင်လူမျိုးအတွက် လုပ်ဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့ကြပါသည်။ သို့သော်လည်း အဖိုးဦးထွန်းအောင်သည် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကိုမျှ ယုံကြည်စိတ်ချစွာ အပ်နှံပေးခြင်းမျိုး မရှိခဲ့ပါ။ လက်ရှိ တပ်မှူးချုပ် ထွန်းမြတ်နိုင်ဦးဆောင်သည့် (ULA/AA) ကိုသာ ယုံကြည်စိတ်ချစွာ အပ်နှံပေးလိုက်ခြင်း ဖြစ်သည်။

(ULA/AA) ကို အပ်နှံလိုက်သည့် အချိန်တွင် အာရက္ခတပ်တော်သည် ပလက်ဝမြို့နယ် အပါအဝင် (၁၅) မြို့နယ်အထိကို သိမ်းယူထားပြီး ဖြစ်သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တစ်ရပ်အနေဖြင့် တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အုပ်ချုပ် လည်ပတ်နေသည့် အချိန်လည်းဖြစ်သည်။ “ဒီအချိန်မှာ ပေးအပ်ရတယ်ဆိုတာကလည်း ငါတို့ တိုင်းပြည်၊ ငါတို့ လူမျိုးအတွက် အမှန်တကယ် အလုပ် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်/အဖွဲ့အစည်း ပေါ်နေပြီဆိုတဲ့ ခံယူချက်နဲ့ ပေးအပ်လိုက်တာ ဖြစ်တယ်။ တပ်မှူးချုပ် ထွန်းမြတ်နိုင်ဆိုတာကလည်း ဘုန်းရှင်၊ ကံရှင် ဖြစ်တယ်။ ပြောရင် ပြောတဲ့အတိုင်း လုပ်နိုင်တယ်။ နာမည်ကို ကြားနေရတာတော့ ကြာပါပြီ။ လူကိုတော့ မမြင်ဖူးသေးဘူး။ တိုက်ပွဲဆိုရင်လည်း တိုက်လိုက်တိုင်း အနိုင်ရနေတယ် ဆိုတာကိုတော့ ကြားသိနေခဲ့ရတယ်။ အဲ့ဒါကြောင့် ဗိုလ်ချုပ် (တပ်မှူးချုပ်) နဲ့ ULA/AA ကို ယုံကြည်ပြီး ပေးအပ်ခဲ့တာ ဖြစ်တယ်” ဆိုပြီး ပြောပြသည်။

အဖိုးဦးထွန်းအောင်သည် အသက် (၂၅) အရွယ် လူငယ်ဘဝကတည်းက ခေါင်းလောင်း မြှုပ်နှံခဲ့ရာတွင် ပါဝင်ခဲ့သည်ဆိုသော်လည်း အသက် (၁၁) နှစ်အရွယ် ကလေးဘဝကလည်း ထင်းခွေရင်း ခေါင်းလောင်းကို လျှို့ဝှက်မြှုပ်နှံရာတွင် တစ်ကြိမ် ပါဝင်ခဲ့ဖူးသည်ဟုလည်း သိရပါသည်။ သူသည် ကလေးအရွယ်ကပင် အသောက်အစားနှင့် လောင်းကစား ကင်းမဲ့သလို မိန်းမလိုက်စားခြင်းလည်း ကင်းဝေးသည်ဟု ဆိုပါသည်။ လူငယ်အရွယ်ကတည်းက လူကြီးသူမများနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်သည့် လူငယ်တစ်ဦးပင် ဖြစ်ခဲ့ပါသည်။ “အဖိုးက လူကြီးတွေနဲ့လည်း ပေါင်းဖော်တယ်။ အရက် မသောက်ဘူး။ ကွမ်းလည်း မစား။ ဆေးလိပ်လည်း မသောက်။  အပျော်အပါး မက်မောခြင်းလည်း မရှိဘူး၊ ခိုက်ရန် ဒေါသဖြစ်တယ်ဆိုတာလည်း မရှိ။ ဒါ့ကြောင့် ဒီ (မဟာမုနိ) ရွာမှာဆိုရင် မင်းကိုသာ ငါတို့ ယုံကြည်တယ်” ဆိုပြီး အပ်နှံခဲ့ခြင်း ဖြစ်တယ်လို့လည်း ပြောဆိုပါသည်။

အဖိုးဦးထွန်းအောင်ထံမှာ ယတြာခေါင်းလောင်း ရှိသည်ဆိုပြီး တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားသိနေခဲ့သောကြောင့် မက်လုံးများပေးကာ ခေါင်းလောင်းကို ရယူနိုင်ရေး တောင်းဆိုလာခဲ့ကြသည်ကိုလည်း အဖိုးဦးထွန်းအောင်က ပြောပြပါသည်။ “မင်းဆီမှာ ခေါင်းလောင်းရှိတယ်လို့ သိထားတယ်။ မင်းဆီမှာ မရှိရင်တောင်မှ မင်း သိထားတယ်လို့ ငါ သတင်းရထားတယ်။ ကျောက်တော်မြို့ ဘယ်နေရာမှာ နေချင်လဲပြော။ တိုက်လိုချင်လား၊ ကားလိုချင်လား ပြော။ တိုက်ပါ ကားပါ လိုချင်တယ်ဆိုလည်း ရတယ်။ ခေါင်းလောင်းရှိတဲ့ နေရာကိုသာ ပြောပါ။ အဲ့ဒါတွေကို မလိုချင်ဘူးဆိုရင်လည်း ပိုက်ဆံသိန်း (၂၀၀) ကို ငါကိုယ်တိုင်လာပေးမယ်။ ခေါင်းလောင်းရှိတဲ့ နေရာကိုသာ ပြောပါ” ဆိုပြီး ပဖဆပလ ဥက္ကဋ္ဌဖြစ်သူ ဦးသာဇံလှဆိုသူက မက်လုံးများပေးကာ ပြောဆို စည်းရုံးလာခဲ့သည်ဟု ဆိုပါသည်။ သို့သော်လည်း အဖိုးဦးထွန်းအောင်၏ အာရက္ခပြည်နှင့် အာရက္ခပြည်သူအပေါ်မှာ ထားရှိခဲ့သည့် သစ္စာတရားသည်ကား ကျောက်ဆောင်ကြီးပမာ ခိုင်ခံ့စွာ တည်ရှိနေခဲ့သည်။ မည်သည့် မက်လုံးများမှလည်း အဖိုးဦးထွန်းအောင်၏ သစ္စာတရားကို ကိုင်လှုပ်နိုင်စွမ်း မရှိခဲ့ပေ။

“အဲ့ဒီ ခေါင်းလောင်းအကြောင်းကို ကျနော်လည်း ကြားဖူးပါတယ်။ မြင်တော့ မမြင်ဖူးလိုက်ဘူး။ ကျနော့်အဖေတို့ လက်ထက်မှာကတည်းက ပျောက်သွားပြီ ဆိုတာကိုလည်း ကြားဖူးပါတယ်” ဆိုပြီး ယတိပြတ် ငြင်းချက် ထုတ်ခဲ့ပါသည်။ အဖိုးဦးထွန်းအောင်၏ ပြောကြားချက်ကို အယုံအကြည်မရှိ၍ အဆိုပါ ဥက္ကဋ္ဌဖြစ်သူသည် အဖိုးဦးထွန်းအောင်၏ အစ်ကိုဖြစ်သူကို ချည်းကပ်ပြီး ဖျောင်းဖျ ပြောဆို စည်းရုံးခဲ့သည်ဟုလည်း သိရသည်။ အဖိုးဦးထွန်းအောင်က အစ်ကိုဖြစ်သူကို ပြောဆိုရာတွင် “အစ်ကို၊ ဒီခေါင်းလောင်းဟာ ယတြာခေါင်းလောင်းဆိုတာကို အစ်ကိုလည်း သိတယ်။ ကျနော်လည်း သိတယ်။ ရှေ့ဟောင်းသမိုင်းဝင်ပစ္စည်းတစ်ခုလည်း ဖြစ်တယ်။ အဖေက ရက္ခိုင်ပြည်သူ (အာရက္ခပြည်သူ) အတွက်ဆိုပြီး ပြောဆိုခဲ့တယ်။ ကျနော့်အတွက်လို့ မပြောဆိုခဲ့လေ။

အခု အဲ့ဒီ ပါတီဥက္ကဋ္ဌ လာပေးတာက ရက္ခိုင်ပြည်သူ (အာရက္ခပြည်သူ) အတွက်မှ မဟုတ်တာ။ ကျနော့်အတွက်ပဲ လာပေးတာလေ။ ကျနော် ဘာလို့ လက်ခံရမှာလဲ။ ကျနော်သာ လက်ခံလိုက်ရင် သစ္စာဖောက်ရာ ကျမှာပေါ့။ အဖေမှာခဲ့တဲ့ ကတိသစ္စာကိုလည်း မဖျက်ဆီးနိုင်ပါ။ မဟာမုနိရွာက ထွန်းအောင် သစ္စာဖောက်ဆိုပြီးတော့လည်းလို့ သမိုင်းမတွင် ကျန်ရစ်စေချင်ပါ။ ကျနော့် သားသမီးတွေကိုလည်း သစ္စာဖောက် သားသမီးတွေလို့ အခေါ် မခံချင်ပါဘူး။ အဲ့ဒါကြောင့် မသိဘူး။ မရှိဘူး” ဆိုပြီး ပြောဆိုလိုက်တယ်လို့ ခေါင်းလောင်း၊ အာရက္ခပြည်နှင့် အာရက္ခပြည်သူအပေါ်ကို သစ္စာစောင့်သိခဲ့ပုံ၊ သူကိုယ်တိုင်ကလည်း သစ္စာဖောက်အဖြစ် သမိုင်းမှတ်တမ်း မတွင်စေလိုကြောင်း၊ သူ၏ သားသမီး မျိုးဆက်များကိုလည်း သစ္စာဖောက် မျိုးဆက်အဖြစ် အခေါ်မခံစေလိုကြောင်းကို ပြောပြပါသည်။

ဗမာအစိုးရ အဆက်ဆက်သည် ယတြာခေါင်းလောင်းကို ရှာဖွေခဲ့ကြသည်။ လိုချင်ခဲ့ကြသည်။ နည်းမျိုးစုံဖြင့်လည်း ရှာဖွေခဲ့ကြသည်။ သို့သော်လည်း မည်သို့မျှ ရှာဖွေ၍ မရရှိခဲ့ကြပါ။ မဟာမုနိဘုရားဝင်းအတွင်းရှိ ရေကန်ကြီးနှစ်ကန်ကိုလည်း ရေတွေ စုပ်ထုတ်ပြီး ရှာဖွေခဲ့ကြသည်ဟု သိရသည်။ ရေကန်များတွင် ရေသာ ကုန်ခမ်းသွားခဲ့ရလေသည်။ ခေါင်းလောင်းကို ရှာဖွေ မတွေ့ရှိခဲ့ကြပါ။ ပြည်သူ့ကောင်စီ အစိုးရ လက်ထက်တွင်လည်း မဟာမုနိဘုရားဝင်းအတွင်း သစ်ပင်ငါးရာ စိုက်ပျိုးကိန်းဖြင့် ရှာဖွေရန် ကြိုးစားခဲ့ကြသေးသည်။ အဆိုပါ စီမံကိန်းလည်း မအောင်မြင်ခဲ့ပေ။ အဖိုးဦးထွန်းအောင်သည် ပြည်သူ့ကောင်စီလက်ထက်အတွင်း မဟာမုနိဘုရား ဂေါပကအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထိုစဉ် မဟာမုနိဘုရား ဂေါပကအဖွဲ့၏ ဘဏ္ဍာရေးမှူးဖြစ်သူ “မောင်ဇံလှ” ဆိုသူက မဟာမုနိဘုရားဝင်းအတွင်း သစ်ပင်ငါးရာ စိုက်ပျိုးရန် စေခိုင်းလိုက်ကြောင်း အဖိုးဦးထွန်းအောင်ကို ပြောကြားလာခဲ့သည်။

“အကို မောင်ဇံလှ။ ဒီဘုရားဝင်းထဲမှာ သစ်ပင်ငါးရာ စိုက်လိုက်ရင် သစ်တောအုပ်ကြီး ဖြစ်တော့မှာလေ။ ကျနော်ကတော့ ဒီဘုရားကို အဝေးကပင် ကြည်ညိုသဒ္ဓါ ပွါးနိုင်အောင် လှမ်းမြင်စေချင်တာ။ သစ်ပင်ငါးရာ စိုက်ပျိုးလိုက်ရင် ဘုရားကို မမြင်ရတော့ဘဲ တောအုပ်ကြီး ဖြစ်သွားလိမ့်မယ်။ ဒါ သဘာဝ မကျဘူးနော်” ဆိုပြီး ပြောဆို တားဆီးခဲ့သည်။ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးသာဇံလှဆိုသူကလည်း “မဟုတ်ဘူးလေ အစ်ကို။ ဒါ သစ်တောဝန်ကြီး ခိုင်းလိုက်တာပဲ။ စိုက်ရမှာလေ” ဆိုပြီး ပြောကြားရာတွင် အဖိုးဦးထွန်းအောင်ကလည်း “သစ်တောဝန်ကြီးက အစ်ကို့ကို စိုက်ခိုင်းတာပဲ။ ကျနော့်ကို စိုက်ခိုင်းတာမှ မဟုတ်တာ။ ဒီဘုရားမှာ ကျနော်က အတွင်းရေးမှူး။ အစ်ကိုက ဘဏ္ဍာရေးမှူး။ ကျနော်ကတော့ စိုက်ခွင့် မပြုနိုင်။ စိုက်ချင်တယ်ဆိုရင် အစ်ကိုစိုက်။ ကျနော်တော့ မစိုက်နိုင်” ဆိုကာ အတွင်းရေးမှူးဖြစ်သူ အဖိုးဦးထွန်းအောင်နှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဦးသာဇံလှဆိုသူတို့ သစ်ပင်ငါးရာ စိုက်ပျိုးရေး စီမံကိန်းနှင့်ပတ်သက်၍ အရေးတော်ပုံ ဖြစ်ခဲ့ကြရသေးသည်။ ဦးသာဇံလှဆိုသူက “အစ်ကိုမစိုက်ရင် ကျနော်လည်း မစိုက်တော့ပါဘူး” ဆိုပြီး အသံပျော့ညံ့လားကြောင်းကိုလည်း အဖိုးဦးထွန်းအောင်က ပြောပြပါသည်။ “ကဲ အဲ့လိုဆိုရင်လည်း ကျနော်တို့ သူ့ (သစ်တောဝန်ကြီး၏) အာဏာကို ဆန့်ကျင်ရာ မကျအောင် စိုက်သင့် စိုက်ထိုက်တဲ့ နေရာတွေမှာ ကျနော် စိုက်လိုက်ပါ့မယ်” ပြောဆိုကာ စိန်ပန်း ငါးပင်လောက် စိုက်ပျိုးလိုက်တယ်။ ကျန်တဲ့အပင်တွေကိုတော့ ရွာသားတွေကို ပေးအပ်လိုက်တယ်” ဆိုပြီး အဖိုးဦးထွန်းအောင်၏ ပြောကြားချက်အရ သိရှိရပါသည်။

အမှန်စင်စစ်သော်ကား မဟာမုနိဘုရားဝင်းအတွင်း သစ်ပင်ငါးရာ စိုက်ပျိုးရေးစီမံကိန်းသည် သစ်တောဝန်ကြီး၏ တာဝန်ပေးချက် မဟုတ်ဘဲ ဦးသာဇံလှဆိုသူ၏ လုပ်ဇာတ်သာ ဖြစ်နိုင်ကြောင်းကိုလည်း အဖိုးဦးထွန်းအောင်က ကောက်ချက်ချ ပြောပြပါသည်။ သူ၏ စိတ်ကူးသည် မဟာမုနိဘုရားဝင်းအတွင်း သစ်ပင်ငါးရာ စိုက်ပျိုးရန်အတွက် မြေနေရာ ငါးရာ တူးဖော်လိုက်ပါက ခေါင်းလောင်းကို တစ်နေနေရာတွင် ရှာဖွေတွေ့ရှိလိမ့်မည် ဆိုသည့် အတွေးစိတ်ဖြင့် ပုံဖော်လာခြင်း ဖြစ်သည်။ ခေါင်းလောင်းကို တွေ့ရှိပါက ဆုတော် လာဘ်တော်များဖြင့် ချီးမြှင့်ခံရနိုင်ကြောင်း၊ (သို့မဟုတ်) ရာထူးဌာနန္တရ တိုးလာနိုင်ကြောင်းကို တွေးဆကာ စီမံချက် ထုတ်လာခြင်း ဖြစ်နိုင်ကြောင်းကိုလည်း အဖိုးဦးထွန်းအောင်က သုံးသပ် ပြောပြပါသည်။ သို့သော်လည်း အဖိုးဦးထွန်းအောင်၏ အချက်ကျကျ ကန့်ကွက် ပြောဆိုချက်ကို ကျော်လွန်နိုင်ခြင်း မရှိခဲ့သောကြောင့် ဦးသာဇံလှ၏ သစ်ပင်ငါးရာ စိုက်ပျိုးရေး စီမံကိန်းလည်း ဆန္ဒမပြည့်ဝဘဲ ပျက်စီး သွားခဲ့ရသည်။ အဖိုးဦးထွန်းအောင်သည် ခေါင်းလောင်းနှင့် ပတ်သက်၍ ပြည်သူ့ကောင်စီ ထောက်လှမ်းရေးအဖွဲ့၏ ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းကို ခံခဲ့ရပြီး (၃) ရက်တိုင်အောင် အချုပ်ခံခဲ့ရသည်ဟုလည်း သိရပါသည်။

အသက် (၂၅) နှစ်အရွယ် လူငယ်ကတည်းက အသက် (၈၅) နှစ်အရွယ် လူကြီးအရွယ်ထိ အခက်အခဲပေါင်း များစွာကို ရင်ဆိုင် ဖြတ်သန်းခဲ့ပြီး နှစ်ပေါင်း (၆၀) ကျော်တိုင်အောင် သစ္စာတရားကို ကျောက်ဆောင်ပမာ ခိုင်မြဲစွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်မှာ အံ့ဩစရာပင် ဖြစ်သည်။ လေးစား ဂုဏ်ယူစရာလည်းဖြစ်သည်။ အာရက္ခပြည်အတွက် အာရက္ခပြည်သူ တစ်ရပ်လုံးကလည်း စံနမူနာ ယူစရာပင် ဖြစ်ပေသည်။ အဖိုးဦးထွန်းအောင်၏ သစ္စာစောင့်သိမှုကို ဂုဏ်ပြုသောအားဖြင့် “ရက္ခိုင်အမျိုးသား သစ္စာစောင့်သိမှု စံပြဆု” အဖြစ် “ရက္ခိုင်သမိုင်းသုတေသနအဖွဲ့” (AHRS) က ရွှေတစ်ကျပ်သားဖြင့် ဦးထွန်းအောင်၏ပုံကို ရွှေမောင်းအဖြစ် ပြုလုပ်ကာ ဂုဏ်ပြု ပေးအပ်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ဂုဏ်ပြု ချီးမြှင့်ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း ငွေသား သိန်းငါးရာကျပ်ဖြင့် ဂုဏ်ပြု ချီးမြှင့်ခြင်းကို ထိုက်တန်စွာ ရရှိခဲ့ပါသည်။

အာရက္ခပြည်အတွက် အာရက္ခပြည်သူများ သစ္စာစောင့်သိစေရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “သစ္စာတရားဆိုတာက လူ့အဖွဲ့အစည်းတွေမှာလည်း အရေးကြီးသလို ပြည်သူနဲ့ နိုင်ငံတော်အပေါ်မှာလည်း အရေးကြီးပါတယ်။ အထူးသဖြင့် မျိုးဆက်သစ်တွေအနေနဲ့ ကိုယ့်တိုင်း၊ ကိုယ့်ပြည်ကို သစ္စာရှိကြဖို့လိုအပ်ပါတယ်။ ငါးရံ့မင်းဇာတ်တော်မှာ ဘုရားလောင်း ငါးရံ့မင်းဟာ မိုးခေါင်နေတာကို သစ္စာဆိုပြီးတော့ မိုးရွာစေခဲ့တယ်။ သုဝဏ္ဏသာမ ဇာတ်တော်မှာလည်း မြားဆိပ်သင့်နေတဲ့ သုဝဏ္ဏသာမနှင့် မျက်စိအလင်းကွယ်နေသည့် မိဘနှစ်ပါးက သစ္စာဆိုကာ တိုင်တည်ပေးခဲ့ကြလို့ သားဖြစ်သူက မြားဆိပ်ပြေကာ မိဘနှစ်ပါးလည်း မျက်စိ အလင်းပြန်ရခဲ့တယ်။ သစ္စာစကားရဲ့ အစွမ်းထက်မှုတွေဟာ တကယ့်လက်တွေ့ဘဝမှာ ရှိနေခဲ့ကြပါတယ်။ သစ္စာတရားကြောင့် မိသားစုတွေ သာယာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ကြတယ်။ သစ္စာစကားကြောင့်ပဲ မိဖုရားစောမဲကျီရဲ့ အလောင်းဟာ ရေဆန်ကို တက်စေခဲ့တယ်။ အာရက္ခတပ်တော်မှာဆိုရင်လည်း တပ်ဖွဲ့ဝင်တွေ သစ္စာဆိုပြီးတော့ အဓိဋ္ဌာန်ကြရတယ်လို့ သိရပါတယ်။ တပ်တော်မှာ သစ္စာဆိုကြတယ်ဆိုတာလည်း တိုင်းပြည်ကို သစ္စာဆိုကြတာပဲလေ။ ဒါကြောင့် သစ္စာတရားကို စောင့်ထိန်းကြပါ။ တန်ဖိုးထားကြပါ။ စစ်သားမဟုတ်ရင်လည်း ပြည်သူမှန်သမျှ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးကို သစ္စာရှိရှိနဲ့ ချစ်ပေးကြဖို့က ပြည်သူ့တာဝန် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အာရက္ခပြည်သူထုတစ်ရပ်လုံး မိမိတို့ အာရက္ခပြည်ကို သစ္စာရှိပေးကြဖို့ အဖိုး မှာချင်ပါတယ်” ဆိုပြီး မျိုးဆက်သစ်များနှင့် ပြည်သူများ မိမိတို့ အာရက္ခပြည်ကို သစ္စာရှိပေးကြရန် ထုတ်ဖော် ပြောကြားပါသည်။ ။

Related posts

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိ၊ ထွက်ပေါ်နေတဲ့ သတင်းဟာလည်း လုပ်ကြံခြင်းသာဖြစ်တယ်လို့ ALP ဆို

AA ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စွပ်စွဲချက်ဟာ မရိုးနိုင်တဲ့ ဗျူဟာလို့ ခိုင်သုခ ပြော

မင်းတုန်းကနေ ရက္ခိုင်ကို အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်ရန် ရွေးတုတပ် ပြင်ဆင်နေ