ပလက်ဝတွင် စက်လှေမှောက်လို့ ရက္ခိုင်ကုန်သည်တစ်ဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ ဩဂုတ် ၂၀၂၆)

ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာအနီးတွင် သြဂုတ်လ ၁၈ ရက် မနက်ပိုင်းက စက်လှေမှောက်လို့ ရက္ခိုင်ကုန်သည်တစ်ဦး ရေနစ် သေဆုံခဲ့တယ်လို့ သိရပါတယ်။

“မီဇိုရမ်ဘက်ကနေ ကုန်သည်ပြီးတော့ ပလက်ဝကို ပြန်အဆင်းမှာ စက်လှေမှောက်တာ။ မှောက်တဲ့နေရာက ရေစီးတအားကြမ်းတဲ့ နေရာလေ။ ခဏ ခဏ ဖြစ်တော့ စက်လှေသမားတွေ တော်တော်ကို သတိထားရတဲ့နေရာပေါ့။ ခုံသောင် ဆိုတဲ့ နေရာပေါ့။ စက်လှေမှောက်တော့ သူက ရေစီးနဲ့ မျောပြီး ရေနစ် သေသွားတာ” လို့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စက်လှေမှောက်လို့ သေဆုံးသွားတဲ့ ရက္ခိုင်ကုန်သည်ဟာ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဂူဝကျေးရွာက ကိုဌေးနိုင် ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်ကို ရွေးတုအစိုးရက ကုန်စည်ဝင်ရောက်နိုင်တဲ့ ထွက်ပေါက် ဝင်ပေါက် နေရာတွေကို ပိတ်ဆို့ထားလို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ကနေ ရက္ခိုင်ပြည်ကို ကုန်စည်တွေ တင်သွင်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုးတွင်းကာလဖြစ်တာကြောင့် မီဇိုရမ်ကနေ ရက္ခိုင်ပြည်ကိုလာတဲ့ လမ်းတွေဟာ ပျက်စီးခြင်း၊ တောင်ပြိုကျခြင်း စတဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ကားတိမ်းမှောက်ခြင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို ရေလမ်းကလည်း ရေစီးကြမ်းတမ်းလို့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ပြီး ကုန်စည် ကူးသန်းနေရတာလည်း ဖြစ်ပါတယ်။

Related posts

စစ်ကောင်စီ အလုံးအရင်း ထိုးစစ်ဆင်သော်လည်း ULA/AA က နယ်မြေဆုံးရှုံးမှု မရှိ

မောင်တောတွင် သောက်သုံးရေအဆင်ပြေစေရန် မြကန်သာကန်တော်ကြီးကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရမ်းဗြဲရှိ စစ်ရှောင်ပြည်သူတွေ စပါးမပေါ်မီ ကြားကာလတွင် အငတ်ဘေးနဲ့ ရင်ဆိုင်နေရ