၂၁ရာစုသည် ပညာခေတ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပုဂ္ဂလိက ပညာရေးများ၊ အစိုးရ ပညာရေးများ အပြိုင်အဆိုင်အားပြိုင်နေကြသည်။ မြန်မာပြည်တွင်လည်း ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် ပုဂ္ဂလိက စာသင်ကျောင်း၊ အစိုးရ စာသင်ကျောင်း၊ အင်တာနေရှင်နယ် စာသင်ကျောင်း၊ ပုဂ္ဂလိက တက္ကသိုလ် ကောလိပ်များ၊ အစိုးရ တက္ကသိုလ်များ စသဖြင့် မိဘများအနေဖြင့် မိမိတို့ လက်လှမ်းမီရာ မီရာအလိုက် ကျောင်းများကို ရွေးချယ်ကာ သားသမီး၏ အနာဂတ်အတွက် အပြိုင်အဆိုင် အားပြိုင်လျက် ရှိသည်။ နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်များမှ ဘွဲ့ဒီဂရီများ ရယူနိုင်ရန် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများကို သင်ကြားပေးနေသည့် အင်တာနေရှင်နယ် ကျောင်းများ၌ တက်ရောက်ကာ ကြိုးပမ်းနေကြသူများ ရှိသကဲ့သို့၊ တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်များများ၊ ဂုဏ်ထူးများများဖြင့် အောင်မြင်ကာ ဆရာဝန်၊ အင်ဂျင်နီယာ စသည့် လိုင်းကောင်းကောင်း ရရှိစေရန် နာမည်ကြီး ပုဂ္ဂလိက စာသင်ကျောင်းများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသားများလည်း ရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းစစ်မီးကြောင့် မိမိတို့ အရပ်ဒေသကို စွန့်ခွါ တိမ်းရှောင်လာကြရင်း မြို့ကြီး ပြကြီးတွင် မိမိတို့ သားသမီးများ ပညာ ဆက်လက် သင်ကြားခွင့် မဆုံးရှုံးရစေဖို့ ရှိစုမဲ့စု ခွန်အားနှင့် အသည်းအသန် ရုန်းကန် လှုပ်ရှားနေရသော မိဘမျာလည်း ဒုနှင့်ဒေး။
“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဟူသည့် ဆိုရိုးစကားအတိုင်း မိမိတို့ မိသားစု တစ်ဝမ်းတခါးအတွက် သားသမီးကို ကျောင်းထုတ်ကာ အလုပ်လုပ်ခိုင်းလိုက်ရသည့် မိဘများလည်း ရှိပေသည်။ မည်သို့ပင် ဆိုစေကာမူ မိဘတိုင်း၏ တူညီသည့်ဆန္ဒမှာ မိမိတို့၏ သားသမီးများကို ခေတ်ပညာတတ်များ ဖြစ်စေချင်သည်။
မိမိတို့ အာရက္ခဒေသမှတဆင့် ပြည်မဖက်ကို စစ်ဘေးရှောင်ရင်း ရောက်ရှိသွားကြသည့် စာရေးသူ၏ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ၏ သားသမီးများပင်လျှင် ပြည်မ၌ ခက်ခက်ခဲခဲ ကျောင်းတက်နေရကြောင်း ကြားသိရသည်။ ငွေကြေး အတန်အသင့် ပြေလည်သည့် မိဘများအနေနှင့် မိမိတို့၏ သားသမီးများကို ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များ၌ ပညာသင်ကြားပေးနိုင်သော်လည်း ငွေကြေး အဆင်မပြေသည့် မိဘများအနေနှင့် သားသမီးများကို ပုဂ္ဂလိကကျောင်းများ၊ ဘော်ဒါဆောင်များ၌ ထားနိုင်ဖို့ နေနေသာသာ အစိုးရကျောင်းကိုပင် အနိုင်နိုင် ထားရပြီး အပြင်ကျူရှင်လည်း မထားနိုင်ပေ။ အောင်စာရင်း ထွက်သည့်အခါ ပုဂ္ဂလိကကျောင်းများ၊ နာမည်ကြီး ဘော်ဒါဆောင်များမှ ဘာသာစုံ ဂုဏ်ထူးရှင်များ၊ စံချိန်တင် အမှတ်ပိုင်ရှင်များ၊ လေးဘာသာငါးဘာသာ ဂုဏ်ထူးရှင်များ သူ့ထက်ငါကောင်း အပြိုင်အဆိုင် ပေါ်ထွက်ကြသော်လည်း အစိုးရကျောင်းကိုပင် အနိုင်နိုင် တက်နေရသည့် ကျောင်းသားများအဖို့ သာမန်ရိုးရိုး အောင်မှတ်ကို ရဖို့ပင် မလွယ်ကူလှပေ။
ပုဂ္ဂလိကကျောင်းတွင် ကျောင်းထားနိုင်ဖို့ကလည်း မလွယ်ပေ။ တစ်နှစ်ကို ကျပ်သိန်း ခုနစ်ဆယ်ခန့် ကျောင်းလခနှင့် စားစရိတ်အဖြစ် ပေးသွင်းရပြီး စာအုပ်စာတမ်းဖိုး၊ မုန့်ဖိုး၊ အခြား ကုန်ကျစရိတ် မပါသေးပေ။ တင်းကျပ်လိုက်သည့် စည်းမျဥ်းများကြောင့် စစ်ဘေးရှောင်လာသည့် ကျောင်းသားတချို့အနေနှင့် ထောက်ခံစာ မပြနိုင်၍ ကျောင်းဆက်တက်ခွင့် မရသူများလည်း ရှိသည်။ သို့သော် စစ်ဘေးရှောင်ကာလမှာပင် အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ဆေးတက္ကသိုလ် ဝင်ခွင့်ရသွားသည့် ကျောင်းသားတချို့၏ သတင်းစကားများကိုလည်း စာရေးသူအနေနှင့် ဝမ်းမြောက်စွာ ကြားသိရပါသည်။
ဆေးတက္ကသိုလ် ပြီးမြောက်သည်အထိ ကျောင်းထားနိုင်ဖို့ကတော့ မိဘများအနေနှင့် ကြိုးစား ရုန်းကန်ရမည်မှာ မြေကြီးလက်ခတ်မလွဲ။ ထောက်ပံ့ ကူညီပေးသည့် အဖွဲ့အစည်းများနှင့် တည့်တည့်ကျသွားသူများ အနေနှင့်တော့ အနည်းငယ် အသက်ရှူချောင်ခွင့် ရသည်။
ပြည်မဖက်သို့ စစ်ဘေးရှောင် သွားကြသည့် ကျောင်းသားများ၊ မိဘများအနေနှင့် ပညာသင်ကြားရေးနှင့် ပတ်သက်၍ အခက်အခဲ ရှိသကဲ့သို့ အာရက္ခဒေသ၌ပင် ကျန်ရှိနေခဲ့ကြသည့် ကျောင်းသားများ၊ မိဘများအနေနှင့်လည်း အခက်ခဲများစွာ ကြုံတွေ့ရပါသည်။ လေကြောင်းအန္တရာယ်ကြောင့် ဘေးကင်းလုံခြုံစိတ်ချစွာ ပညာသင်ကြားခွင့် မရသလို မိဘများ၏ စားဝတ်နေရေး အခက်အခဲ၊ ပုံနှိပ်စာအုပ်များ စျေးကြီးလာခြင်း၊ အခြား သင်ထောက်ကူပစ္စည်းများ၊ ဘောပင်၊ ခဲတံက အစ စျေးနှုန်း ကြီးမြင့်ခြင်း၊ ကျောင်းလခ မတတ်နိုင်ခြင်း စသည့် အခက်အခဲများအကြားတွင် အထက်တန်း ပညာရေး ပြီးဆုံးအောင် သင်ယူနိုင်ရန်အတွက် များစွာ စိန်ခေါ်မှု ဖြစ်လာပါသည်။
မိမိတို့ အာရက္ခဒေသ၌ ယခင်အစိုးရ အဆက်ဆက်ကပင် ဆရာ၊ ဆရာမ အင်အားလုံလောက်မှု နည်းပါးလှသည်။ အထူးသဖြင့် မြို့နှင့်ဝေးသော နေရာများ၌ ဆရာ၊ ဆရာမ လုံလောက်မှု မရှိသည့်ဒဏ်ကို ပိုမို ကြုံတွေ့ရပါသည်။ သိပ္ပံဘာသာတွဲ သင်ယူလိုလျှင် မြို့ပေါ်၌သာ အဆင်ပြေပြီး၊ နယ်ဖက်၌ ပညာသင်ယူရသည့် ကျောင်းသားများအဖို့ ဘောဂတွဲ၊ ဝိဇ္ဇာတွဲများကိုသာ သင်ယူရပါသည်။ မြို့ပေါ်ကို သွားရောက်ပြီး ပညာသင်ယူမည်ဆိုပါက စားစရိတ်၊ ပညာသင်စရိတ်၊ အသုံးစရိတ်နှင့် စာရွက်စာတမ်းကြေး ကုန်ကျစရိတ် အားလုံးပေါင်းလိုက်လျှင် သာမန် မိဘများအနေနှင့် မတတ်နိုင်ပေ။ စစ်ပွဲများ မဖြစ်ပွားမီ ကာလ၌ပင် အထက်တန်း ပညာရေး ပြီးမြောက်အောင် ပညာသင်ကြားပေးနိုင်ရန် အခက်ခဲများစွာ ရှိခဲ့သည့် မိဘများအဖို့ စစ်ပွဲကာလအတွင်း၌ သားသမီးကို ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးနိုင်ရန် မည်မျှ အခက်အခဲရှိမည်ကို ရေးပြနေဖို့ပင် မလိုပေ။
စာရေးသူအနေနှင့် မိမိ စာသင်ကြားလျက်ရှိသော Grade 12 မှ တပည့်များကို စာရွက်စာတမ်း ကုန်ကျစရိတ်နှင့် ပတ်သက်၍ အနည်းငယ် မေးကြည့်ဖြစ်ပါသည်။ ပုံနှိပ်စာအုပ် တစ်ဒါဇင်လျှင် ကျပ်ခြောက်သောင်းခွဲခန့်မှ မိုးတွင်းဆိုလျှင် ရှစ်သောင်းခွဲခန့်အထိ ပေးရကြောင်း၊ Link ဘောပင်တစ်ချောင်းလျှင် တစ်ထောင်ကျပ်၊ အိန္ဒိယဖက်မှ ဝင်လာသည့် ဗလာစာအုပ် တစ်အုပ်လျှင် နှစ်ထောင်ကျပ်ခန့်၊ ခဲတံတစ်ချောင်းလျှင် တစ်ထောင်ကျပ်၊ အကြမ်းတွက် စာအုပ်တစ်အုပ်လျှင် လေးထောင်ကျပ်ခန့်၊ စသည်ဖြင့် လစဥ် စာအုပ်စာတမ်းကြေးပင် မလွယ်လှပေ။
အထက်တန်း ကျောင်းသားများအဖို့ Scientific Calculator လည်း ကိုင်ရသည်။ အရည်အသွေးနိမ့်သည့် လေးသောင်းခွဲတန်ကို ကိုင်လျှင် ခဏသာ အသုံးပြုရပြီး အနည်းဆုံး ရှစ်သောင်းခွဲတန်ခန့်မှ အဆင်ပြေသည်။ လစဥ် ကျောင်းလခ၊ စာမေးပွဲဖြေကြေး၊ ကျောင်းရံပုံငွေ အသုံးစရိတ် စသည်ဖြင့် ပေါင်းလိုက်ပါက တစ်လကုန်ကျစရိတ်က မနည်းပေ။
စီးပွားရေး အတန်အသင့် ပြေလည်သည့် မိဘများအတွက် မသိသာလှသော်လည်း စီးပွားရေး အဆင်မပြေသော သာမန် လက်လုပ်လက်စား လူတန်းစားများ၊စစ်ဘေးရှောင် မိသားစုများအတွက် များစွာ ဝန်ထုပ်ဝန်ပိုး ဖြစ်လှပါသည်။ ပိုဆိုးသည်က အထက်တန်းကျောင်းနှင့် ဝေးကွာသော ကျေးရွာများမှ ကျောင်းသားများ၏ ပညာသင်ကြားရေး အခွင့်အလမ်း ဖြစ်သည်။ တချို့နေရာများတွင် ရွာပေါင်းလေးရွာခန့်လျှင် အထက်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းခွဲ တစ်ကျောင်း ရှိသော်လည်း တချို့နေရာများတွင် အထက်တန်းကျောင်းနှင့် လမ်းပန်းဆက်သွယ်ရေး အလွန် ဝေးကွာလှပါသည်။ မြို့နှင့် ဝေးသည့် အထက်တန်းကျောင်း တချို့တွင် ကျောင်းရှိသော်လည်း သင်ကြားပြသပေးမည့် ဘာသာရပ် ဆရာ၊ ဆရာမ လုံလောက်မှု မရှိသည့်အတွက် များစွာ အခက်အခဲဖြစ်လှပါသည်။ အာရက္ခပညာရေး လည်ပတ်သည့်အချိန်တွင် အထက်တန်းပြ ဆရာ၊ ဆရာမ မလုံလောက်ပါက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများဖြင့်အစားထိုး သင်ကြားပေးသော်လည်း ဘာသာရပ်ပြ စေတနာ့ဝန်ထမ်း ကျွမ်းကျင် ဆရာ၊ ဆရာမ ရှိသည့် ကျောင်းများတွင် အဆင်ပြေသော်လည်း အတိုင်းတာတစ်ခုအထိ အဆင့်မြှင့်တင်ထားသည့် စနစ်သစ် သင်ရိုးညွှန်းတမ်းကို ပုံမှန် ဆရာ၊ ဆရာမများပင်လျှင် အမီမလိုက်နိုင်သည်များ၊ လုံလောက်စွာ အချိန်ပေးမလေ့လာပါက သင်ကြားရေး အားနည်းချက်များ ရှိပေသည်။
အာရက္ခ ပညာရေးဌာနမှ ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည့် ဆေးကျောင်းများ၊ သူနာပြု သိပ္ပံများ၊ နည်းပညာ ကျောင်းများ၊ ကွန်ပျူတာသိပ္ ပံကျောင်းများ၌လည်း ဘာသာရပ် လိုအပ်ချက်အရ အမှတ်ကန့်သတ်မှုများ ရှိပေရာ မြို့နှင့် ဝေးကွာသည့် နေရာများ၌ ပညာသင်ကြားနေရသည့် ကျောင်းသားများအဖို့ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို လုံလောက်စွာ သင်ကြားခွင့် မရပါက၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမ အားနည်းချက်များ ရှိပါက ၄င်းတို့၏ အိပ်မက်များ၊ ရည်မှန်းချက်များကို ထိခိုက်မှုများ၊ အားလျော့မှုများ ရှိနိုင်ပါသည်။
စာရေးသူအနေနှင့် မိမိ၏ ဇာတိမြေ သံတွဲ၊ ငပလီကမ်းခြေကို တစ်ခေါက် ပြန်ရောက်ဖြစ်ပါသည်။ ဆရာတစ်ဦးအနေနှင့် မိမိဇာတိမြေရှိ ကျောင်းသားလူငယ်များကို လေ့လာကြည့်ပါသည်။ ဒေသခံ ကျောင်းသားလူငယ်များ စစ်ဘေးရှောင်ရင်း ပြည်မဖက်ကို ရောက်သွားသည်က တစ်ကြောင်း၊ လက်ရှိ ကာလအခြေအနေအရ အလုပ်အကိုင် ရှားပါးမှု၊ စီးပွားရေး အဆင်မပြေမှုများကြောင့် ကျောင်းတက်နိုင်သည့် ကျောင်းသားဦးရေ အင်မတန် နည်းပါးသွားသည်ကိုတွေ့ရှိရပါသည်။ ကျွမ်းကျင် ဘာသာရပ်ပြ ဆရာ၊ ဆရာမ အင်အားလည်း အင်မတန် နည်းပါးနေသည်ကို စိတ်မကောင်းဖွယ် တွေ့ရပါသည်။ တချို့ ဆရာ၊ဆရာမများလည်း ပြည်မဖက်သို့ ထွက်ခွါသွားကြကြောင်း တွေ့ရပါသည်။
ကျောင်းသူတစ်ဦးဆိုလျှင် Grade 12 ကို ဆက်လက် သင်ကြားလိုသော်လည်း သူ့ကို စောင့်ရှောက်ထားသည့် အဘိုးနှင့် အဘွားအနေဖြင့် ကျောင်းလခ၊ စာအုပ်ဖိုး၊ အထက်တန်း သင်ကြားရာနေရာသို့ သွားရမည့် ကားခကို ဘယ်နည်းနှင့်မျှ မတတ်နိုင်သည့်အတွက် ကျောင်းနားထားရသည်ကို စိတ်မကောင်းစွာမြင်တွေ့ခဲ့ရပါသည်။ သူ၏ အခက်အခဲကို အဘိုးနှင့် အဘွားက စာရေးသူအား ပြောပြရာတွင် မိမိအနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် လက်ရှိ အာရက္ခပြည်သူ့ အစိုးရအနေနှင့် ကျောင်းသားများအတွက် ပညာသင်ကြားခွင့် အခွင့်အလမ်း မဆုံးရှုံးစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေသည့် အရာများ ရှိသော်လည်း ပညာရေးနှင့် အလှမ်းဝေးနေသည့် ဘဝများ၊ ပညာရေး ဝဲဂယက်တွင် အားမတန်၍ မာန်လျော့လိုက်ရသည့် ဘဝများလည်း များစွာ ရှိနေဆဲပေ။ ကာလတစ်ခုတွင် အာရက္ခလူငယ်တိုင်း အနိမ့်ဆုံးအဆင့် အနေနှင့် အထက်တန်း ပညာရေး ပြီးမြောက်အောင် သင်ယူနိုင်ဖို့ အစိုးရသာမက အားလုံးက နိုင်ရာတာဝန်ကို ကိုယ်စီ ထမ်းရွက်ရန် တာဝန်ရှိသည်ဟု စာရေးသူအနေနှင့် ထင်မြင်ယူဆမိပါသည်။
စိုးလင်းထက်(ဘူမိ)