အာရက္ခတိုင်းမ်စ် (၉ စက်တင်ဘာ ၂၀၂၆)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးတွင်လည်း အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်နဲ့ ရွေးတုအစိုးရတပ်တို့ စက်တင်ဘာလ ၇ ရက် ညနေကစတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“တပ်တော်နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ ပွိုင့် ၅၀၀ ကုန်းနားက ကာကင်းတွေကို ပြန်ရမလားဆိုပြီး စစ်တပ်က စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တိုက်ပွဲ ဖြစ်နေတဲ့နေရာက ပွိုင့် ၅၀၀ ကုန်းနဲ့ဆို သိပ်မဝေးဘူး။ ၁ မိုင်လောက်ပဲ ရှိလိမ့်မယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာတွေကို မသုန်ရွာအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ နဲ့ ကျောက်ဖူးရွာအခြေစိုက် ကပစ-၉ တို့ကနေ လက်နက်ကြီးများနဲ့ အဆက်မပြတ် ပစ်ကူပေးနေရပြီး လေကြောင်းကပါ စစ်ကူ တိုက်ခိုက်ပေးနေတယ်လို့လည်း သိရပါတယ်။
၂၀၂၆ ခုနှစ် မေလဆန်းကတည်းက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီး မသုန်ရွာနား ပွိုင့် ၅၀၀ ဗျူဟာကုန်းအနီးက ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားပါတယ်။
အဆိုပါ ကာကင်းစခန်းကို ရွေးတုအစိုးရတပ်ရဲ့ စကစ (၁၀) လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ ) တပ်ရင်းများက စုပေါင်းပြီး ခုခံခဲ့သော်လည်း လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဇွန်လ ၃၀ ရက်က ပဲခူတိုင်း ပန်းတောင်းမြို့နယ် မသုန်အခြေစိုက် အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၁၆) ကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ရွေးတုအစိုးရတပ်က ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူ မတ်လ ၁ ရက်ကလည်း ကပစ (၁၆) စက်ရုံကို AA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့လို့ စက်ရုံအတွင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၄ ရုံ တည်ရှိနေပြီး အဲဒီ စက်ရုံတွေကနေ ရွေးတုအစိုးရတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ် ဖြန့်ဖြူးပေးနေတာကြောင့် အဓိက ဗဟိုချက် နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။